လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

271

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ်တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Toyota IQ ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota IQ မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့်ကားကတော့ မိုဒယ်မြင့်ပြီး သေးသေးကွေးကွေးနဲ့ ချစ်စရာကောင်းတဲ့ Mini Hatchback အမျိုးအစား Toyota IQ ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကို Toyota က ကားစတင်မောင်းသူတွေ၊ ကားပါကင်ခက်ခဲတဲ့နေရာမှာ အသုံးပြုနေသူတွေ၊ မြို့တွင်း ရုံးသွား/ရုံးပြန်နဲ့ ကျောင်းကိစ္စတွေမှာ အသုံးပြုလိုသူတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ကားပဲဖြစ်ပါတယ်။ တံခါးပေါက်ကတော့ အရှေ့နှစ်ပေါက်နဲ့ အနောက်ပစ္စည်း ထည့်တဲ့ တံခါးရယ်ပဲ ပါဝင်ပါတယ်။ အနောက်ခန်းမှာ ခုံပါတယ်ဆိုပေမဲ့ နှစ်ယောက်စီးအတွက် အဓိကထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 1.0 နဲ့ 1.3L အင်ဂျင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိပဲ ထုတ်လုပ်ခဲ့တဲ့ IQ ဟာ သေးသေးလေးဆိုပေမဲ့ နည်းပညာမြင့်မြင့် ထုတ်လုပ်ထားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ လက်ရှိအသုံး အများဆုံးမိုဒယ်တွေကတော့ ၂ဝဝ၈-၂ဝ၁၂ မိုဒယ်တွေပဲဖြစ်ပြီး Grade အနေနဲ့ကတော့ 100X ၊ 100G ၊ 130G ၊ 130G MT ၊ LEATHER PACKAGE ၊ X PACKAGE ၊ G PLUS စသည်ဖြင့် Grade ခွဲများစွာ ထုတ်လုပ်ထားတဲ့အပြင် Customer Option Grade ခွဲများစွာလည်း ရှိတဲ့အတွက် ရွေးချယ်စရာများပြီး ခွဲခြားရခက်တဲ့ Toyota IQ ပဲဖြစ်ပါတယ်။ ဒါကြောင့် Toyota IQ မှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များ အချက်အလက် တွေကို Automobile Journal ကားချစ်သူတို့ကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ မြင်တာနဲ့ ချစ်ချင်စရာဒီဇိုင်း
Toyota IQ ရဲ့ဒီဇိုင်းဟာ Hatchback ကားကိုမှ တံခါးနှစ်ပေါက်နဲ့ ဖန်တီးထားပြီး ကားရဲ့အသွင်အပြင်ကိုလည်း IT ခေတ်ရဲ့ Compact ကားတစ်စီးဆိုတဲ့အတိုင်းပဲ အရှေ့ကိုလေခွင်းအားကောင်းစေဖို့ ခေါင်းကို အောက်နိမ့်ပေးထားသလို အနောက်ပိုင်းကို အပိတ်ပြုလုပ်ပေးထားပါတယ်။ကားရဲ့ပုံစံလေးက တံခါးနှစ်ပေါက်နဲ့ ချစ်စဖွယ်ကားလေးဖြစ်နေတဲ့အတွက် အဝေးကနေ မြင်တာနဲ့တင် ချစ်ပြီး လိုချင်စိတ်ဖြစ်ပေါ်စေတဲ့ သူရဲ့ ဒီဇိုင်းပိုင်းက ရေပန်းစားတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

၂။ မောင်းနှင်ရလွယ်ကူမှု
Toyota IQ ကို အထူးရေပန်းစားပြီး ကြိုက်နှစ်သက်ကြတာကလည်း ကားရဲ့ ဘော်ဒီအရွယ်အစားသေးငယ်တဲ့အတွက် ကားမောင်းရတာ လွယ်ကူပြီး ကားစမောင်းသူတွေ၊ ယာဉ်ကြောပိတ်ပြီး ကားပါကင်ရှားတဲ့ မြို့ကြီးတွေမှာလည်း တကယ်ကို အဆင်ပြေပြေ မောင်းနှင်နိုင်သလို အိမ် ထောင်ရှင်မအများစုလည်း သားသမီးလေးတွေကို မြို့တွင်းကျောင်း ကြို/ကျောင်းပို့ပြုလုပ်ရတာ၊ သွားရလာရအဆင်ပြေတာတွေကြောင့် မောင်းနှင်မှုပိုင်းနဲ့ပတ်သက်ပြီး သိပ်ကို လွယ်ကူတဲ့အတွက် ရေပန်း စားဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၃။ G Grade နဲ့ Customer Grade မှာပါဝင်တဲ့ Smart Key
G Grade နဲ့ Customer Grade တွေမှာဆိုရင် Toyota IQ ကို နည်းပညာမြင့်ပြီး Smart ကျစေတဲ့ Smart Key နဲ့ Push-start စနစ်ထည့်သွင်းပေးထားတာကလည်း ကားသေးပြီး Smart ကျတဲ့စနစ်တွေ ပါဝင်လို့ ဒီစနစ်ပါဝင်တဲ့ Grade အများစုကို ရေပန်းစားရွေးချယ် ဝယ်ယူကြပါတယ်။

၄။ ဆီစားသက်သာစေတဲ့စနစ်
Toyota IQ ကားက ပုံမှန် Hatchback ကားတွေထက်သေးပြီး တံခါးနှစ်ပေါက် ကားသေးလေးဖြစ်တဲ့အပြင် အင်ဂျင်ကိုလည်း Toyota ရဲ့ VVT-I အမျိုးအစား 1.3L နဲ့ 1.0L နှစ်မျိုး ထုတ်လုပ်ပေးထားတဲ့အတွက် ပုံမှန် Hatchback ကားတွေထက် ဆီစားသက်သာလို့လည်း ရေပန်းစား ကြိုက်နှစ်သက်စရာ ဖြစ်စေတာပဲ ဖြစ်ပါတယ်။

၅။ Digital Aircon System
Toyota IQ ကားလေးက ကားငယ်လေးဆိုပေမဲ့ အတွင်း Grade တွေကို အပေါစားဆန်ဆန် မထုတ်လုပ်ထားဘဲ နည်းပညာမြင့်မြင့် ထုတ်လုပ်ထားတာကိုတော့ ကားရဲ့အတွင်းခန်းမှာ ထည့်သွင်းပေးထားတဲ့ Digital Aircon စနစ်ကိုမြင်တာနဲ့ လူတိုင်းအကြိုက်တွေ့ကြတာပဲ ဖြစ်ပါ တယ်။

၆။ ကားပါကင်ထိုးရ လွယ်ကူမှု

ကားမောင်းတတ်ကာစသူအများစုဟာ ကားကို မောင်းချင်စိတ် ရှိကြ ပေမဲ့ ကားပါကင်ထိုးတဲ့အခါမှာ အဆင်မပြေမှုတွေ ကြုံတွေ့ရလေ့ရှိတဲ့ အတွက် ပါကင်ထိုးရခက်တဲ့နေရာမျိုးဆို ရှောင်သွားကြတာများပါတယ်။ ဒီလိုအခက်အခဲမျိုးကြုံတွေ့နေရသူတွေအတွက် Toyota IQ ကို မောင်း နှင်လိုက်တဲ့အခါမှာ ကားရဲ့ပေါ့ပါးသေးငယ်တဲ့ အရွယ်အစားကြောင့် ဘယ်လောက်ခက်တဲ့နေရာဖြစ်ဖြစ် ပါကင်ထိုးရ လွယ်ကူ အဆင်ပြေစေလို့ ရေပန်းစားတာပဲဖြစ်ပါတယ်။

၇။ ဈေးနှုန်းသင့်တော်ခြင်း
စာရေးသူတို့နိုင်ငံမှာ ကျပ်သိန်း ၁၂ဝ-၁၅ဝ ဝန်းကျင်နဲ့ နည်း ပညာမြင့်ပြီး မိုဒယ်မြင့်ပါကင်ထိုးရလွယ်တဲ့ ကားတစ်စီးကို ရှာဝယ်မယ် ဆိုရင်တော့ ပထမဆုံး စဉ်းစားသင့်တာကတော့ ဈေးနှုန်းသင့်တော်တဲ့ Toyota IQ ကို ရေပန်းစားရွေးချယ်သင့်တယ်လို့ မြင်မိပါတယ်။
Toyota IQ ကို နည်းပညာမြင့်ခြင်း၊ မိုဒယ်မြင့်ခြင်း၊ ပါကင်ထိုးရ လွယ်ကူခြင်း၊ တန်ဖိုးနည်းကား ဝယ်ယူလိုသူများအတွက် ရွေးချယ် စရာဖြစ်ခြင်း၊ ပေါ့ပေါ့ပါးပါးရှိပြီး မောင်းနှင်ရလွယ်ကူခြင်း၊ တန်ဖိုးသင့် ကားတစ်စီးဆိုသော်လည်း ချစ်စရာကောင်းတဲ့ ဒီဇိုင်း ဖန်တီးထားခြင်း၊ ဆီစား အထူးသက်သာစေမှုတို့ကြောင့် ရေပန်းစား ရွေးချယ်စရာ မြို့တွင်းသုံး Hatchback ကားတစ်စီး ဖြစ်လာစေပါ တယ်။ နောက်တစ်ပတ် ‘လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားမှာ ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့ စနစ်တွေ ပါဝင်တယ်ဆိုတာကို ဆက်ပြီး ဖော်ပြပါဦးမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here