လုပ်ငန်းသုံးယာဉ်များ ကိုယ်ပိုင်နာမည်ပေါက် လျှောက်ထားမှုများပြားလာ

285

 

ကလေး၊ ဇူလိုင် ၂၂
နိုင်ငံတော်အစိုးရက မော်တော် ယာဉ်များ ကိုယ်ပိုင်အမည်ပေါက် လျှောက်ထားရာတွင် အခွန်ပေး ဆောင်ရမှု ၃ ရာခိုင်နှုန်း ဖြေလျှော့ ထားမှုမှာ စက်တင်ဘာလကုန်အထိ သာဖြစ်သည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့တွင် လုပ်ငန်းသုံးယာဉ်အများစု ကိုယ်ပိုင်နာမည်ပေါက် လျှောက်ထားသူများပြားနေကြောင်း ကလေးခရိုင်
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန)မှ သိရသည်။

“ဒီရက်ပိုင်း သက်တမ်းတိုးလာလျှောက်တဲ့ယာဉ်တွေထဲမှာ နယ်ဝင်များတယ်၊ တချို့ကလည်း ရန်ကုန်လိပ်စာပေါက်တို့၊ မန္တလေး လိပ်စာပေါက်တို့ ဖြစ်နေတာပေါ့နော်၊ သက်တမ်းကလည်း ကုန် တော့မယ်၊ ကားကလည်းကလေး နယ်တစ်ဝိုက် ရောက်နေတော့ သက်တမ်းတိုးဖို့ နယ်ဝင်လျှောက် ကြတယ်၊ အဲဒီလိုပဲ တချို့ကလည်း လိုင်စင်သက်တမ်းတိုးရင်းနဲ့ ကိုယ် ပိုင်နာမည်ပေါက် လျှောက်ထားကြတယ်၊ အခွန် ၃ ရာခိုင်နှုန်းဖြေလျှော့ပေးထားတာက စက်တင်ဘာလကုန်အထိဆိုတော့ ကိုယ်ပိုင်နာမည်ပြောင်းလျှောက်တာ များလာတယ်” ဟု အဆိုပါဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်သက်သက်ညွန့်က ပြောသည်။

ထိုသို့ မော်တော်ယာဉ်များ အနေဖြင့် ကိုယ်ပိုင်နာမည်ပေါက် လျှောက်ထားလိုပါက အရောင်း အဝယ်စာချုပ်မူရင်း၊ ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ ယာဉ်အုံ နာဘုတ်မူရင်းနှင့် မိတ္တူ၊ ယာဉ် ဓာတ်ပုံ စသည်တို့လိုအပ်မည်ဖြစ်ပြီး နာမည်မပြောင်းရသေးသော ယာဉ်ပိုင်ရှင်များအနေဖြင့် အမြန်ဆုံး အမည်ပေါက်ပြောင်းထားသင့်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရ သည်။

“ဒီကြားကာလမှာ မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ အခွန် သက်သာတုန်း အမည်ပြောင်းလုပ်စေချင်တယ်” ဟု အဆိုပါဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သက်သက်ညွန့်က ထပ်မံဆို သည်။

လက်ရှိ ကလေးမြို့ ကညနရုံးတွင် ယာဉ်လိုင်စင်သက်တမ်းတိုးလာသည့်ယာဉ် နေ့စဉ် အစီးနှစ်ဆယ် ဝန်းကျင်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here