လိုရာခရီးကို ရောက်နိုင်ဖို့ စတီယာရင်လက်ကိုင်ပဲလိုတဲ့ Jaguar Future Type

820

အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ မော်တော်ကားစီးပြီး သွားလိုတဲ့အရပ်ဆီ လွယ်လွယ်ကူကူနဲ့ လုံခြုံစိတ်ချစွာရောက်နိုင်မယ့် အနာဂတ်လျှပ်စစ် ကားမိုဒယ်တစ်မျိုးကို ဗြိတိသျှကားကုမ္ပဏီ Jaguar က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ပထမဆုံး Jaguar Land Rover’s Tech Fest ပြပွဲမှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။ Jaguar Future Type လို့ အမည်ပေးထားတဲ့ကားရဲ့ အဓိကသော့ချက် အစိတ်အပိုင်းက ဂန္ထဝင် E-Type ကားဒီဇိုင်နာ Malcom Sayer ကို ဂုဏ်ပြုတဲ့အနေနဲ့ Sayer လို့ မှည့်ခေါ်ထားတဲ့ စတီယာရင်လက်ကိုင်ဖြစ်ပါတယ်။ Sayer စတီယာရင်လက်ကိုင်ကို ကမ္ဘာ့ပထမဆုံး အသံနဲ့ ညွှန်ကြားခိုင်းစေလို့ရတဲ့ Artificial Intelligence(AI) အသိဥာဏ်တုနည်းပညာနဲ့ ဖန်တီးထားပြီး Jaguar Future Type ကားမှာ အသေတပ်ဆင်ထားတာမဟုတ်ဘဲ အလွယ်တကူဖြုတ်ပြီး မိမိနေအိမ်ဆီ သယ်ဆောင်လို့ရအောင် စီစဉ်ထားပါတယ်။ ဥပမာ Jaguar Future Type ကို စီးနင်းမယ့်သူဟာ နေအိမ်ကနေ နှစ်နာရီကြာမောင်းနှင်ရမယ့် အလုပ်တိုက်မှာ မနက်ရှစ်နာရီ အစည်းအဝေးရှိတယ်ဆိုရင် Sayer စတီယာရင်ကို ကြိုတင်ပြော ကြားထားလိုက်ရုံပါပဲ။ ညွှန်ကြားထားသူ အိပ်ရာနိုးပြီဆိုတာနဲ့ Sayer စတီယာရင်က အလိုအလျောက် စတင်လုပ်ဆောင်ပြီး Jaguar Future Type ကို အချိန်တွက်ချက် ဆင့်ခေါ်ထားတာကြောင့် အလုပ်သွားဖို့ အားလုံးပြင်ဆင်ပြီး နေအိမ်တံခါးကထွက်လိုက်တာနဲ့ လျှပ်စစ်စွမ်းအင် အပြည့်သွင်းထားတဲ့ကားက အသင့်စောင့်ကြိုနေတာ တွေ့ရမှာပါ။ Sayer စတီယာရင်မှာ အဆင့်မြင့် Human Machine Interface (HMI) နည်းပညာလည်း ထည့်သွင်းထားလို့ ကားကိုအလိုအလျောက်စနစ်နဲ့ မောင်းခိုင်းရင်း အင်တာနက်သုံးပြီး မိသားစုမိတ်ဆွေတွေနဲ့ ဆက်သွယ်ခြင်း၊ သီချင်းဖွင့်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာတွေကို လုပ်နိုင်ပါလိမ့်မယ်။ ပြီးတော့ စားသောက်ဆိုင်မှာ စားပွဲကြိုတင်မှာကြားခြင်း၊ နေအိမ်က ရေခဲသေတ္တာထဲမှာ လိုတဲ့အရာတွေကို မှာကြားဖြည့်ဆည်းပေးခြင်းတို့ကိုလည်း Sayer စတီယာရင်လက်ကိုင်ကတစ်ဆင့် လုပ်နိုင်ပါသေးတယ်။

 

သေးသွယ်ကျစ်လျစ်တဲ့ဒီဇိုင်းပုံစံ ဖန်တီးထားတဲ့ Jaguar Future Type ဟာ တခြားကားတွေနဲ့ ဆက်သွယ်နိုင်သလို မောင်းနှင်မှု အထောက်အကူနည်းပညာတွေ အသုံးပြုထားတာကြောင့် ယာဉ်ကြော ပြောင်းခြင်း၊ လမ်းဆုံ/လမ်းခွတွေ ကျော်ဖြတ်ခြင်းတို့မှာ လုံခြုံစိတ်ချရပြီး မတော်တဆမှုဖြစ်မှာ စိုးရိမ်စရာမရှိပါဘူး။ အလေးချိန်ပေါ့ပါးလို့ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ မောင်းနှင်နိုင်ပြီး ဗြက်ကျဉ်းတာကြောင့် ပါကင်ထိုးရင်လည်း အခက်အခဲမတွေ့နိုင်ပါဘူး။ ကိုယ်တိုင်ကားမောင်းရတာကိုမှ နှစ်သက်သူတွေအတွက် Jaguar Future Type မှာ အလို အလျောက်မောင်းနှင်စနစ်အပြင် ကိုယ်တိုင်မောင်းစနစ်ကိုပါ ထည့်သွင်းထားပါတယ်။ ကားအတွင်းမှာတပ်ဆင်ထားတဲ့ ထိုင်ခုံက ၂+၁ ပုံစံဖြစ်ပြီး ကလေးကျောင်းပို့/ကျောင်းကြိုအတွက် အဆင်ပြေသလို လူကြီးထိုင်ခုံတွေက မျက်နှာချင်းဆိုင်ထားတာကြောင့် အလိုအလျောက်မောင်းခိုင်းထားချိန်မှာ အချင်းချင်း စကားစမြည် ပြောလို့ရပါတယ်။ နေအိမ်မှာ ကားထားဖို့ ဂိုဒေါင်မလိုတော့ဘဲ သွားလိုရာဆီ အချိန်ကိုက်ဆင့်ခေါ်နိုင် သလို အနာဂတ်နည်းပညာတွေ ထည့်သွင်းထားပြီး Sayer စတီယာရင်ရှိရုံနဲ့ ကိုယ်ပိုင်ကားတစ်စီးအလားသုံးနိုင်မယ့် Jaguar Future Type ကို ၂ဝ၄ဝ ပြည့်နှစ်နောက်ပိုင်းမှာ စတင်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း Jaguar ဒီဇိုင်းအဖွဲ့ ဒါရိုက်တာ Ian Callum က ထုတ်ဖော်ပြောကြားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here