လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ် ၁၁ မြို့နယ်၌ နိုင်လွန်ကတ္တရာလမ်း ၁၄ လမ်း ခင်းကျင်းပေးသွားမည်

170

 

မန္တ​လေး၊ ​အောက်တိုဘာ ၂

လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်၌ နိုင်လွန်ကတ္တရာလမ်း ၁၄ လမ်း၊ အရှည် ၅/၁ ဒသမ ၁ မိုင် အဆင့်မြှင့်တင်ခင်းကျင်းပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာရဲလွင်က ပြောကြားသည်။

“အရပ်သားအစိုးရလက်ထက် တိုင်းစည်ပင်ရဲ့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးထဲက တစ်ခုပါ ” ဟု ၎င်းက ပြောကြားသည်။

နိုင်လွန်ကတ္တရာလမ်း ခင်းရန် နိုင်လွန်ကတ္တရာကြိုစက် Asphalt Concrete Batching Plant လိုအပ်ကာ အပူချိန် ၁၅၀ ဒီဂရီပေးထားသော ကတ္တရာ၊ ချီပင်ကျောက် (Chipping Stone) ၊ ဘီကျောက်နှင့် ကျောက်မှုန့်များအား စက်နှင့် အချိုးကျရောစပ်ရကြောင်း၊ ထို့ပြင် လမ်းခင်းမည့်နေရာနှင့် နိုင်လွန်ကတ္တရာစက် ဝေးသွားပါက အပူချိန်ကျသွားမည် စိုးသည့်အတွက် စက်ကို တွဲကားပေါ်၌ အသေတပ်ဆင်ကာ Mobile Plant အနေဖြင့် တစ်မြို့ပြီး တစ်မြို့ ရွှေ့ပြောင်းအသုံးပြုနေကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။

” နိုင်လွန်လမ်းခင်းတဲ့ Paver, Two Wheeled Tandem Roller နဲ့ 9 Wheels Pneumatic Tire Roller တစ်စုံနဲ့ တိုင်းစည်ပင်ရုံးချုပ်က ကျွမ်းကျင်၀န်ထမ်းတွေက တစ်မြို့ပြီးတစ်မြို့ ခင်းပေးနေတာပါ၊ အသင့်ကြိုအပူပေးပြီး ကတ္တရာကို တိုင်းစည်ပင်က ထောက်ပံ့တယ်၊ မြို့တော်စည်ပင်ကလည်း တန် ​လေးဆယ်ကျော် ထောက်ပံ့ပေးဦးမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မြင်းခြံ၊ မြစ်သား၊ ပျော်ဘွယ်၊ ရမည်းသင်း စသော မြို့နယ် ကိုးခုတွင်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်လွန်ကတ္တရာလမ်း ၂၁ လမ်း၊ အရှည် ၆ ဒသမ ၀၄ မိုင်ကို ခင်းကျင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here