လာမည့်နှစ်မှစ၍ လုပ်ငန်းသုံးကား များကို ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေ၍ ရောက်ရှိပြီးသား ၆၆ဝ စီစီ Carry Truck များ အရောင်းအဝယ် သွက်လာကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။
၂ဝ၁၈ ခုနှစ်အတွက် မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်တွင် လုပ်ငန်းသုံးကားများကို ၂ဝ၁၄ မိုဒယ်နှင့် အထက်သာ တင်သွင်းခွင့်ပေးဖွယ်ရှိပြီး ဘယ်မောင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုပေးဖွယ် ရှိနေသည်။ လက်ရှိအချိန်တွင်လည်း ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းသော လုပ်ငန်းသုံးယာဉ်များကို ကန့်သတ်မှုများစွာဖြင့် ထိန်းချုပ်ထားသလို တစ်ဦးချင်း တင်သွင်းမှုများအတွက်လည်း အလွယ်တကူ ပါမစ်မထုတ်ပေးတော့၍ ရောက်ရှိပြီးသား တစ်တန်အောက် လုပ်ငန်းသုံးယာဉ်များ အရောင်းအဝယ် သွက်နေခြင်းဖြစ်ကြောင်း သိရသည်။
”လာမယ့်နှစ်မှာ လုပ်ငန်းသုံးကားတွေကို ဘယ်မောင်းပဲ တင်သွင်းခွင့်ပေးမယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် ရောက်ရှိပြီးသားကားတွေ အရောင်းအဝယ်ပြန် လိုက်လာတယ်၊ နောက်ပြီး လုပ်ငန်းသုံးကားတွေကို ကုမ္ပဏီပါမစ်နဲ့ တစ်လတစ်စီးပဲ တင်သွင်းခွင့်ပေးထားသလို တစ်နှစ်ပြည့်တဲ့ကုမ္ပဏီပဲ တင်သွင်းခွင့်ရတဲ့အတွက် ၆၆ဝ စီစီ Carry Truck ပါမစ်စျေးက ၁၃ သိန်းအထိ တက်သွားတယ်၊ ဒီလမကုန်ခင်မှာလည်း ကားတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲ ထုတ်ပြန်မယ်လို့ သတင်းထွက်နေတဲ့အတွက် အားလုံးကလည်း စောင့်နေကြတယ်၊ လုပ်ငန်းမှာ အသုံးပြုဖို့ လိုအပ်တဲ့သူတွေကတော့ ဝယ်ကြပါတယ်၊ လာမယ့်နှစ်မှာ ဒီကားတွေကို ဘယ်မောင်းပဲပေး သွင်းဖို့ သေချာသလောက်ရှိနေတဲ့အတွက် ကြိုဝယ်ထားတဲ့ သဘောပါ”ဟု ‘ United Eleven ကုမ္ပဏီ’ မန်နေဂျင်း ဒါရိုက်တာ ကိုအောင်သူက ဆိုသည်။
လက်ရှိအချိန်တွင် လုပ်ငန်း သုံးကားတင်သွင်းမှုကို တစ်ဦးချင်း ပါမစ်အပြင် ကုမ္ပဏီပါမစ်ဖြင့်လည်း ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့်ပြုထားသည်။ သို့ သော် လာမည့်နှစ်မှ၍ ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေသည့်အတွက် ၆၆ဝ စီစီ Carry Truck များမှာ ကျပ်ငါးသိန်းမှ ၁ဝ သိန်းကြား စျေးမြင့်တက်သွားကြောင်း သိရသည်။
ကိုရဲ