လာမည့်နှစ်မှစ၍ ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပေးမည်ဆိုပါက ယင်းကားများအပေါ်ကောက်ခံမည့် အခွန်နှုန်းထားများ လျှော့ပေါ့ကောက်ခံမှသာ ကားဟောင်းစျေးကွက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးထပ်ထားကြသည်။
ပြည်ပမှတင်သွင်းသော ကားအများစုမှာ မြန်မာနိုင်ငံလမ်းစနစ် နှင့် ကိုက်ညီမှုမရှိသည့် ညာမောင်းကားများ ဖြစ်နေသည့်အပြင် ပြည်ပတွင် အသုံးပြုထားသော တစ်ပတ်ရစ်ကားများ ဖြစ်နေသည့်အတွက် လက်ရှိအစိုးရအနေဖြင့် Brand New ကားများကို ဦးစားပေးတင် သွင်းခွင့်ပေးရန် အစီအစဉ်များရေးဆွဲ နေကြောင်း သိရသည်။ ယင်းသို့ Brand New ကားများ တင်သွင်းခွင့်ပေးရာတွင် လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးမှသာ ကားဟောင်း စျေးကွက် ကျဆင်းသွားပြီး Brand New ကားစျေးကွက် အားသာလာ မည်ဖြစ်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။
”လာမယ့်နှစ်မှာ ဘယ်မောင်း ကားတွေပဲ တင်သွင်းခွင့်ပေးမယ်ဆိုရင် ကားဟောင်းစျေးကွက်က ပိုပြီး အားကောင်းသွားမှာပါ၊ ကားဟောင်းစျေးတွေ ကျဖို့ဆိုရင် တင်သွင်းလာမယ့် Brand New ဘယ်မောင်းကားအသစ်တွေကို ကောက်ခံနေတဲ့ အခွန်တွေကို လျှော့ချပေးရမှာပါ၊ ဒါပေမဲ့ အစိုးရအနေနဲ့ ပြည်ပကနေ တင်သွင်းလာတဲ့ ဘယ်မောင်းကားတွေအပေါ်မှာ Tax တွေ လျှော့ပေးမယ်လို့ မထင်ဘူး၊ ပြည်တွင်းမှာထုတ်တဲ့ ကားတွေကိုပဲ Tax တွေလျှော့ပေးမှာပါ၊ ဒါကြောင့် ကားသစ်တွေကို အခွန်မလျှော့ပေးသရွေ့ ကားဟောင်းစျေးကွက်က ပျောက်ကွယ်မှာ မဟုတ်ဘူး”ဟု ‘ JPM ကားအရောင်းစင်တာ’ ဒါရိုက်တာ ကိုထိန်လင်းအောင် က ဆိုသည်။
အောက်တိုဘာ ၃ ရက်က Lotte Hotel ၌ ပြုလုပ်ခဲ့သည့် MAN Truck & Bus Dealership Agreement Signing အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၈ ခုနှစ်၊ ဧပြီလမှစ၍ Brand New ကားများကို ရန်ကုန်လိုင်စင်ဖြင့် ပြန်လည်ခွင့်ပြုပေးသွားမည်ဟု ပြောကြားသွားခဲ့သည်။ Brand New ကားများကို ရန်ကုန်လိုင်စင် ဖြင့် ခွင့်ပြုပေးရာတွင် တင်သွင်းမည့် ကားအရေအတွက်ကို COE စနစ်ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လာမည့်နှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒများ ထုတ်ပြန်ရာတွင် ဘယ်မောင်းကားများကိုသာ ဦးစားပေး တင်သွင်းခွင့်ပေးရန် ရာခိုင်နှုန်းများနေသည့်အတွက် စျေးကွက်အတွင်း မြန်မာပြည်အကြိုက် ကားများဖြစ်သော Toyota Landcrusier ၊ Parado ၊ Crown ၊ Mark X စသည့် ကားများမှာ တင်သွင်းရန် ခက်ခဲသွားနိုင်သဖြင့် ယခုနှစ်မကုန်မီ ကြိုတင်ဝယ်ယူထားသင့်ကြောင်း ကားတင်သွင်းသူများက အကြုံပြုထားသည်။
ကိုရဲ