လာဘို့-မင်းကင်းလမ်းပိုင်းရှိ S ကွေ့တောင်ဆင်းနေရာ၌ ကွန်ကရစ်ရေမြောင်းနှင့် လမ်းပခုံးများ ကွန်ကရစ်ခင်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါပိုလျှံရန်ပုံငွေခွင့်ပြုရရှိမှသာ ဆောင်ရွက်ပေးနိုင်မည်

156

မင်းကင်း၊ ဇွန် ၁၃

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်ပြီး မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းနှင့် ဆက်စပ်လျက်ရှိသော လာဘို့-မင်းကင်းလမ်းပိုင်းရှိ S ကွေ့တောင်ဆင်းနေရာတွင် ကွန်ကရစ်ရေမြောင်းနှင့် လမ်းပခုံးတစ်ဖက်လျှင် နှစ်ပေခန့် ကွန်ကရစ်ခင်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါပိုလျှံရန်ပုံငွေမှ တင်ပြတောင်းခံပြီး ရန်ပုံငွေခွင့်ပြုရရှိပါက လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းညွှန့်၀င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၈ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါက်တာဆန်း၀င်း၏ ‘မင်းကင်းမြို့နယ်၊ လာဘို့-မင်းကင်းလမ်းပိုင်းရှိ ၁၁ ကီလိုမီတာနှင့် ၁၂ ကီလိုမီတာကြားရှိ S ကွေ့ တောင်ဆင်းနေရာ၌ ကွန်ကရစ်ရေမြောင်းနှင့် လမ်းပခုံးတစ်ဖက်လျှင် နှစ်ပေခန့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း’ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာဘို့-မင်းကင်းလမ်းသည် မိုင်တိုင်အမှတ် ၀/၀ မှ ၂၅/ ၅.၂၅ အထိ ၂၅ မိုင်၅.၂၅ ဖာလုံ ရှိပြီး ၁၈ ပေကျယ်သည့် ကွန်ကရစ်လမ်းမှာ ၂ မိုင် ၄.၂၅ ဖာလုံရှိကာ ၁၂ ပေကျယ်သည့် ကွန်ကရစ်လမ်းမှာ ၁၀မိုင် ၁ ဒသမ ၅၄ ဖာလုံနှင့် တစ်ဖက်လျှင် ​လေးပေအကျယ် ဘီးလမ်းနှစ်ဖက် ကွန်ကရစ်လမ်း ၁၂ မိုင် ၇.၄၆ ဖာလုံရှိကြောင်း၊ တစ်ဖက်လျှင် ​လေး​ပေ အကျယ် ဘီးလမ်းနှစ်ဖက်တွင် ကွန်ကရစ်လမ်းရှိသောနေရာများ၏ ဘီးလမ်းနှစ်ခုကြားအား ကွန်ကရစ်ဖြည့်ခြင်းလုပ်ငန်းကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းနှင့် ရန်ပုံငွေ ကန့်သတ်ခွင့်ပြုချက်တို့အရ အဆိုပါ S ကွေ့နေရာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်လျာထားချက်တို့တွင် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း ၀န်ကြီး ဦးသန်းညွှန့်၀င်းက ထပ်မံပြောကြားသည်။

” S ကွေ့နေရာလမ်းအပိုင်း တောင်ခြေဘက် ရေမြောင်းက မြေသားမြောင်းဖြစ်နေတဲ့အပြင် မိုးအခါ တောင်ကမ်းပါး ရေစားလို့ တောင်ပြိုတာနဲ့ အကွေ့နေရာမှာ ကွန်ကရစ်လမ်းပေါ် ရေကျော်ပြီး လမ်းပျက်စီး​တာ​တွေ ဖြစ်ပေါ်နေပါတယ်၊ အဲဒီလမ်းပိုင်း တည်မြဲနိုင်ရေးအတွက် တောင်ခြေတစ်လျှောက် ပေ ​လေးရာ​လောက်ကို ကွန်ကရစ်ရေမြောင်းနဲ့ လမ်းပခုံးတစ်ဖက် ​နှစ်ပေ​လောက်ကို ကွန်ကရစ်ခင်းနိုင်ရင် ကားကြီး၊ ကားငယ်​တွေ အန္တရာယ်ကင်းကင်း မောင်းနှင်သွားလာနိုင်မှာ ဖြစ်ပါတယ်” ဟု မေးခွန်းမေးမြန်းခဲ့သည့် မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါက်တာဆန်း၀င်းက ပြောသည်။

လာဘို့-မင်းကင်းလမ်းပိုင်းသည် တောင်ကုန်းတောင်တက်နှင့် အတက်အဆင်း၊ အကွေ့အကောက်လွန်စွာပေါများကာ အဆိုပါလမ်းပိုင်း၏ ၁၁ ကီလိုမီတာနှင့် ၁၂ ကီလိုမီတာအကြား ဒေသအခေါ် S ကွေ့နေရာသည် ကားကြီးများအတက်/အဆင်းအတွက် အလွန်အန္တရာယ်များသော နေရာတစ်ခုလည်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here