လမ်း ၃ဝ လမ်းမကြီးအတွင်း အချိန်အကန့်အသတ်ဖြင့် ယာဉ်ရပ်နားနိုင်ရန် ဆောင်ရွက်မည်

578

မန္တလေး၊ မတ်

မန္တလေးဘူတာကြီး၊ ဆေးရုံကြီးနှင့်ဆေးတက္ကသိုလ်တည်ရှိရာ လမ်းမကြီးတစ်ခုဖြစ်သည့် လမ်း ၃ဝ လမ်း မကြီးအတွင်း ယာဉ်ကြောရှုပ်ထွေး မှု မဖြစ်စေရန်အတွက် အချိန်အကန့်အသတ်ဖြင့် ယာဉ်ရပ်နားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ‘မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ’ ကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

ယခုလ ပထမပတ်တွင်ပြုလုပ်သည့် မန္တလေးမြို့ သာယာလှပရေးအတွက် လမ်းတံတား၊ ရေမြောင်း၊ ပလက်ဖောင်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်း သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

”လမ်း ၃ဝ က တစ်ချိန်သမိုင်းမှာ BRT ၊ MRT တွေဖြစ်လာနိုင်တယ်၊ အဲဒီလမ်းမကြီးမှာ အခုတော့ ယာဉ်ဘီး တစ်လှိမ့်စာပဲရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကားတွေအားလုံးက အလျားလိုက်ရပ်နေကြ တယ်၊ အဲဒါတွေကို စနစ်တကျနဲ့ တစ်စီးပဲ ဒေါင်လိုက်ရပ်မယ်ဆိုရင် လမ်းကျယ်သွားမယ်၊ နောက်ပိုင်းကျရင် ယာဉ်ရပ်ဖို့အတွက် အကွက်တွေဆွဲမယ်၊ ပြီးရင် အဲဒီအကွက်ထဲမှာပဲ ယာဉ်ရပ်ရမယ်၊ ပြီးရင် ကန့်သတ်တဲ့အချိန်တစ်ခုနဲ့ ရပ်ဖို့ ဆောင်ရွက်သွားမယ်”ဟု ဦးရဲမြတ်သူ က ပြောသည်။

လက်ရှိ၌ လမ်း ၃ဝ လမ်းမကြီးဧရိယာသည် ကားများဂိတ်ထိုးသည့် ဧရိယာပုံစံဖြစ်နေပြီး ယာဉ် ကြောရှုပ်ထွေးမှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိ၌ လမ်း ၃ဝ ဧရိယာအနီးတစ်ဝိုက်တွင် စည်းကမ်းနှင့်အညီ ယာဉ်များ ရပ်တန့်ရန်နှင့် အချိန်ကြာမြင့်စွာမရပ်ရန် ပညာပေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”ဆေးရုံလမ်းကြီး ဆိုတာက မန္တလေးမြို့အတွက်တင် အရေးကြီးတာ မဟုတ်ဘူး၊ အထက်မြန်မာပြည် တစ်ခုလုံးက မနိုင်တဲ့ သေခါနီးလူနာတွေအကုန်လုံးက ဒီကိုပို့ရတာ၊ ဒါက ကျွန်တော်တို့ လူ့အသက်တွေ အများကြီးနဲ့ ပတ်သက်နေတယ်၊ အဲဒီ လမ်းကြီး ရှင်းနေတာကို လိုချင်တယ်၊ အဲဒီ လမ်းကြီး အကုန်လုံးကို ဘယ်သူမဆို လွယ်လွယ်ကူကူ ဝင်/ထွက်ခွင့် ရတဲ့စနစ် ဖြစ်စေချင်တယ်၊ ဆေးရုံကိုဝင်တဲ့ Traffic မဖြစ်စေချင်တော့ဘူး”ဟု ကော်မတီဝင်ဦးရဲမြတ်သူ က ဆက်လက်ပြောသည်။

ထိုကဲ့သို့ ယာဉ်ကြောပိတ်ဆို့ ခြင်း၊ ယာဉ်ကြောကျပ်တည်းခြင်း များအတွက် မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီအနေဖြင့် နည်းလမ်းများရှာလျက်ရှိပြီး ယာဉ်ကြောကျပ်တည်းမှု လျော့နည်းစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here