လမ်းဦးစီးဌာနမှ ဂိတ်ပေါင်း ၈၆ ဂိတ်၏ အသုံးပြုခကောက်ခံနှုန်းထားများကို ဇွန် ၁ ရက်မှစ၍ ၅၀ ရာခိုင်နှုန်း ဖြေလျှော့ကောက်ခံပေးမည်

356

 

ကလေး၊ မေ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ နိုင်ငံတော်ပိုင်တံတား ၆၂ စင်း၊ ဌာနမှကောက်ခံသော လမ်းဂိတ် ၂၄ ဂိတ် စုစုပေါင်း ဂိတ်ပေါင်း ၈၆ ဂိတ်တို့၏ အသုံးပြုခကောက်ခံနှုန်းထားများကို လာမည့်ဇွန် ၁ ရက်မှစ၍ ၅၀ ရာခိုင်နှုန်း ဖြေလျှော့ကောက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ကုန်သွယ်မှုလုပ်နေတဲ့ကားတွေ၊ ခရီးသည်တင်ယာဉ်တွေ၊ ကိုယ်ပိုင်ယာဉ်တွေ စသဖြင့် ခရီးသွားပြည်သူတွေအားလုံး အခုလိုကာလမှာ ဝန်ထပ်ဝန်ပိုးတစ်ခု သက်သာအောင်လို့ ဖြေလျှော့ပေးလိုက်တာပါ၊ တံတားတွေ၊ ဂိတ်တွေမှာ ကောက်ခံရမယ့်သတ်မှတ်နှုန်းထားတွေ ရှိပြီးသားဖြစ်ပါတယ်၊ အဲဒီသတ်မှတ်နှုန်းထားတွေကို ၅၀ ရာခိုင်နှုန်းလျှော့ပေးပြီး ကောက်ခံပေးသွားမယ်၊ အဲဒီလိုဖြေလျှော့ကောက်ခံမှုကို ခြောက်လတိတိ လုပ်ဆောင်ပေးသွားမှာဆိုတော့ နိုဝင်ဘာ ၃၀ ရက်အထိ ဖြစ်မှာပေ့ါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဖြေလျှော့ကောက်ခံရာတွင် ကရင်ပြည်နယ်အတွင်း သံလွင်(ဘားအံ)တံတား၊ နောင်လုံတံတား၊ လှိုင်ချောင်းတံတား၊ ဒုံသမိတံတားတို့ပါဝင်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ရွှေလီ (ငါးအို့)တံတား၊ ဧရာဝတီ(ထီးချိုင့်)တံတား၊ ဧရာဝတီ (ရတနာသိင်္ခ)တံတား၊ ဧရာဝတီ (ရတနာပုံ)တံတား၊ ညောင်ပင်ဝန်းတံတား၊ ချင်းတွင်း (မုံရွာ)တံတား၊ မြောက်ယမားချောင်းတံတား စသည်ဖြင့် ပါဝင်ကြောင်း၊ ထိုသို့ ၅၀ ရာခိုင်နှုန်းဖြေလျှော့ကောက်ခံမှုကို တနင်္သာရီတိုင်းဒေသကြီးအတွင်း၌လည်း အိမ်ရှေ့ပြင်ဂိတ်၊ ပေါက်တိုင်းဂိတ်၊ ကော့သောင်းဂိတ်၊ ကျွဲကူး-ကျောက်ဖျာတံတားတို့ပါဝင်ကာ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ပဲခူး(သနပ္ပင်)ဂိတ်၊ စစ်တောင်း (ရွှေကျင်)တံတား၊ သူရဲတန်းတံတား၊ စစ်တောင်း (မုပ္ပလင်)တံတား စသည်ဖြင့် လမ်း သုံးဂိတ်နှင့် တံတား ၁၁ စင်း ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၅၀ ရာခိုင်နှုန်း ဖြေလျှော့ကောက်ခံရာတွင် မကွေးတိုင်းဒေသကြီးအတွင်း၌လည်း လမ်း လေးဂိတ်နှင့် တံတား ၁၀ စင်း၊ မန္တလေးတိုင်းဒေသကြီး၌ လမ်း လေးဂိတ်နှင့် တံတား ကိုးစင်း၊ မွန်ပြည်နယ်အတွင်း၌ လမ်း နှစ်ဂိတ်နှင့် တံတား ခုနစ်စင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ လမ်း လေးဂိတ်နှင့် တံတား နှစ်စင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ လမ်း နှစ်ဂိတ်နှင့် တံတား တစ်စင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ လမ်း နှစ်ဂိတ်နှင့် တံတား ၁၀ စင်းတို့ ပါဝင်ကာ စုစုပေါင်း တိုင်းနှင့်ပြည်နယ် ၁၀ ခု၌ လမ်း၊ တံတားဂိတ် စုစုပေါင်း ၈၆ ဂိတ်ကို ဖြေလျှော့ကောက်ခံပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here