လမ်းကြမ်းမောင်းနှင်နိုင်တဲ့ ကုန်း၊ရေ နှစ်ထွေသုံးယာဉ် Scamander Amphibious Vehicle

1102

အပေါ့စားပြိုင်ကားကုမ္ပဏီ TVR Sports Car ကို တည်ထောင်ပြီး ၂၃ နှစ်ကြာ စီမံအုပ်ချုပ်ခဲ့တဲ့ ဗြိတိန်သား Peter Wheeler ဟာ ၂ဝဝ၅ ခုနှစ်မှာ သူ့ကုမ္ပဏီကို ရောင်းချခဲ့ပြီးနောက် ကုန်း၊ ရေနှစ်ထွေသွားလို့ရတဲ့ ယာဉ်ကိုတီထွင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အမဲလိုက်ခြင်း၊ ရွက်လွှင့်ခြင်း၊ ပြိုင်ကားမောင်းခြင်းတွေအပေါ် နှစ်သက်စွဲလမ်းတဲ့ Peter Wheeler  အနေနဲ့ ညီညာတဲ့လမ်းအပြင် ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုပါ မောင်းနိုင်သလို ရေထဲမှာ ခရီးနှင်နိုင်တဲ့ ယာဉ်တစ်စီးဖြစ်လာဖို့ သူ့ဘဝနောက်ဆုံးအချိန်တွေမှာ စိတ်နှလုံးနှစ်ပြီး ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ ကာလရှည်ခံစားခဲ့ရတဲ့ ကင်ဆာဝေဒနာကြောင့် Peter Wheeler ဟာ အသက် ၆၅ နှစ်အရွယ်(၂ဝဝ၉ ခုနှစ်၊ ဇွန်လ)မှာ ကွယ်လွန်သွားပြီး သူရည်မှန်းထားတဲ့ ယာဉ်ကို ပြီးအောင်မဖန်တီးနိုင်ခဲ့ပါဘူး။ Peter Wheeler ရဲ့ ဇနီး Vicky က သူ့ခင်ပွန်းအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အင်ဂျင်နီယာအဖွဲ့နဲ့ ဆက်လက်ကြိုးစားခဲ့ပြီး သုံးနှစ်အကြာမှာတော့ Scamander Amphibious Vehicle ကို အမှန်တကယ် တီထွင်နိုင်ခဲ့ပါတယ်။

ဂရိမြစ်စောင့်နတ်ဘုရား Scamander လို့အမည်ပေးထားတဲ့ ဒီယာဉ်ဟာ သစ်တုံးတို ပုံစံရှိပြီး မြင်းကောင်ရေ ၂၇၅ ကောင်အားထွက်တဲ့ 3.0L V6 Ford အင်ဂျင် တပ်ဆင်ထားပါတယ်။ အလေးချိန် ၁ ဒသမ ၆ တန်လေးတဲ့ Scamander Amphibious Vehicle ဟာ Auto ဂီယာလေးချက်ကနေ စွမ်းအင်ကို ၂၂ လက်မအရွယ် နောက်ဘီးတွေဆီ ပို့လွှတ်ပေးပြီး သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ် အမြန်နှုန်းရောက်ဖို့ အချိန်ရှစ်စက္ကန့်လောက် ကြာမြင့်ပါတယ်။ အမြင့်ဆုံးမောင်းနိုင်တဲ့နှုန်း က တစ်နာရီကို မိုင် ၁၂ဝ ဖြစ်ပါတယ်။ Scamander Amphibious Vehicle ကားခေါင်းခန်းက McLaren F1 စူပါကားနဲ့ဆင်ပြီး အလယ်တည့်တည့်မှာ မောင်းသူထိုင်ခုံရှိသလို မောင်းသူထိုင်ခုံတစ်ဖက်တစ်ချက်စီမှာ ခရီးသည် တစ်ဦးစီထိုင်ဖို့နေရာလည်း ဖန်တီးထားပါတယ်။ ခရီးသည်ထိုင်ခုံတွေကို အရေးပေါ်အခြေအနေမျိုးကျရင် အပြားလိုက်ဖြစ်အောင် ခေါက်သိမ်းပြီး လူနာတင်ထမ်းစင်အဖြစ် သုံးနိုင်ပါတယ်။

Scamander Amphibious Vehicle ကို ရေထဲမောင်းမယ်ဆိုရင် Jet Ski မှာသုံးတဲ့ ရေယက်(Impeller)ကို နောက်ဘီးမှာ ထပ်ဆောင်းတပ်ဆင်ရမှာပါ။ ရေထဲမှာ Scamander Amphibious Vehicle ကို ပဲ့ကိုင်ဖို့အတွက် မောင်းသူဘယ်ဘက်ဒူးနားက လီဗာတံကို သုံးစွဲရမှာဖြစ်ပြီး အရှိန်နှုန်းတင်ဖို့က ကားမောင်းရာမှာသုံးတဲ့ ပုံမှန်လီဗာခြေနင်းပြားကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ပင်လယ်၊ မြစ်ချောင်းတွေအတွင်း Scamander Amphibious Vehicle သွားနိုင်တဲ့ အရှိန်နှုန်းက တစ်နာရီကို ရေမိုင် ခြောက်မိုင်(Knots)ရှိပါတယ်။ စစ်ရေး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေမှာ အချိန်တိုတိုနဲ့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ ယာဉ် (Rapid Response Vehicle)ဖြစ်အောင် Peter Wheeler က ကြိုးပမ်းတီထွင်ခဲ့တဲ့ Scamander Amphibious Vehicle ဟာ ပုံမှန်လမ်းမှာ အမြန်နှုန်းနဲ့ မောင်းနိုင်ခြင်း၊ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို ကျော်ဖြတ်နိုင်ခြင်း၊ ရေထဲမှာပါ သွားနိုင်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်သုံးမျိုးစလုံးပါဝင်နေတဲ့ ဘက်စုံသုံးယာဉ်ဖြစ်ပြီး တစ်စီးကို ဗြိတိန်ပေါင်စတာလင် နှစ်သိန်း ပေးရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here