လက်ရှိအစိုးရလက်ထက် ​လေးနှစ်ခွဲကာလအတွင်း စည်ပင်သာယာလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၆ စီး ၀ယ်ယူခဲ့ဟုဆို

97

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၃

ယခုအစိုးရလက်ထက် ​လေးနှစ်ခွဲကာလအတွင်း မန္တလေးမြို့တော် စည်ပင်သာယာလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၆ စီးကို ၀ယ်ယူနိုင်ခဲ့ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောကြားသည်။

“စအလုပ်လုပ်တဲ့အချိန်ကစပြီး ရေတိုရေရှည် စီမံချက်တွေကို ရေးဆွဲပြီး လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ စက်ယန္တရားတွေနဲ့ စက်ရုံတွေကို Plan ချပြီး ၀ယ်ယူတည်ဆောက်ခဲ့တာပါ၊ အခုတော့ ၉၀ ရာခိုင်နှုန်းကျော် စုမိပြီဆို​တော့ တက်ကုန်လှော်နေတဲ့ အနေအထားရောက်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ယာဉ်စက်ယန္တရားများဖြင့် စည်ပင်သာယာလုပ်ငန်းများ ဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ Precast မြောင်းများ တည်ဆောက်ခြင်း၊ လမ်းမီးတိုင်အသစ်များ စိုက်ထူခြင်း၊ ရေပေးဝေရေးအတွက် ပိုက်အသစ်များချထားခြင်းနှင့် ပိုက်ဟောင်းများ ပြုပြင်ခြင်းတို့ကို ယခင်က ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ငန်းအပ်နှံခဲ့ရာမှ ယခုအခါ စည်ပင်ဌာနများက ကိုယ်တိုင်လုပ်ဆောင်နိုင်ရန် ယာဉ်စက်ယန္တရားများကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်မှစပြီး နှစ်စဉ် စုဆောင်းခဲ့ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။

“ဌာနက ကိုယ်တိုင်လုပ်တာဖြစ်လို့ ကန်ထရိုက်တွေထက် အရည်အသွေးပိုကောင်းပြီး အချိန်မီပြီးစီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမြို့ သန့်ရှင်းရေးအတွက် အမှိုက်သိမ်းဆည်းခြင်းနှင့် ရေမြောင်းများ ဆယ်ခြင်း၊ စိမ်းလန်းစိုပြည်ရေးအတွက် ဥယျာဉ်နှင့် သစ်ပင်များ စိုက်ပျိုးခြင်း စသည့် လုပ်ငန်းများတွင်လည်း ခေတ်နှင့်လိုက်လျောညီထွေမှုရှိမည့် ယာဉ်အသစ်များကို အစားထိုးခဲ့ကြောင်း မြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဦး Ye Lwin FB

LEAVE A REPLY

Please enter your comment!
Please enter your name here