လက်တွေ့ဘဝရဲ့ စူပါဟီးရိုးတစ်ယောက်အဖြစ် ချီးကျူးခံခဲ့ရတဲ့ Audi ကားချစ်သူ မင်းသမီး Zoe Saldana

1427

ရုပ်ရှင်ချစ်ပရိသတ်တချို့ကတော့ ဇိုဝီဆာလ်ဒါးနား (Zoe Saldana)ကို သူ့နာမည်အရင်းထက် သူခေါင်းဆောင်ပါဝင်ထားတဲ့ နာမည်ကျော် Avatar ရုပ်ရှင်ကို ပိုပြီးရင်းနှီးကြမှာပါ။ အမေရိကန်လူမျိုး Dancer နဲ့ ရုပ်ရှင် မင်းသမီး ဆာလ်ဒါးနားဟာ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ရင်း အသက်နှစ်ဆယ်ကျော်မှ ရုပ်ရှင်လောကထဲ စတင်ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်လမ်းအဖြစ် Law & Order တီဗီဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ ဆာလ်ဒါးနားဟာ ၂ဝဝဝ ပြည့်နှစ်က သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဇာတ်လမ်း Center Stage နဲ့ Crossroad(2002)တို့မှာ ပရိသတ် အသိအမှတ်ပြုမှု ရရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ နာမည်ကျော် Star Trek ဇာတ်လမ်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းရဲ့ Avatar ဇာတ်လမ်းမှာ အဓိကဇာတ်ကောင် နေရာက ပါဝင်ခွင့်ရခဲ့တာကစလို့ အောင်မြင်မှုလမ်းကြောင်းပေါ် စတင်ရောက်ရှိလာပါတယ်။ အဲဒီ နောက်ပိုင်းမှာ Colombiana(2011) ၊ Star Trek into Darkness (2013)၊ Out of the Furnace(2013) ၊ Star Trek Beyond (2016) နဲ့ Live by Night(2016) တို့လို နာမည်ကျော်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ၂ဝ၁၄ ခုနှစ်ကစလို့ နာမည်ကျော် စူပါဟီးရိုးရုပ်ရှင် Guardians of the Galaxy  မှာ ဟောလိဝုဒ်မင်းသား ခရစ္စပရတ်ထ်နဲ့အတူ ခေါင်းဆောင်ပါဝင်ထားပါတယ်။ သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေမှာ အကောင်းဆုံး မင်းသမီးအဖြစ် ဆုများစွာရရှိခဲ့ပြီး ဆုလျာထားစာရင်းထဲလည်း အကြိမ်ကြိမ်ဝင်ခဲ့တဲ့ ဆာလ်ဒါးနားဟာ လာမယ့် ၂ဝ၁၇ ခုနှစ်ရဲ့ Guardians of the Galaxy Vol.2 နဲ့ ၂ဝ၁၈ ခုနှစ်မှာ ရုံတင်ပြသမယ့် Avengers: Infinity War တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့ပြင် ၂ဝ၁၉ ခုနှစ်မှာ ရုံတင်ပြသမယ့် Avengers ဇာတ်လမ်းသစ်တင်မကဘဲ ၂ဝ၂ဝ ပြည့်နှစ်နဲ့ ၂ဝ၂၁ ခုနှစ်တို့မှာ ရိုက်ကူးဖို့လျာထားတဲ့ Avatar 2 နဲ့ 3 ဇာတ်လမ်းတွေမှာလည်း ဆာလ်ဒါးနားကို တွေ့မြင်ကြရဦးမှာပါ။ ဟောလိ ဝုဒ်ရုပ်ရှင်လောကမှာ နေရာတစ်ခု အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ မင်းသမီး ဆာလ်ဒါးနားဟာ အခုလက်ရှိမှာ အမေရိကန်ဒေါ်လာ ရှစ်သန်းကို အသားတင်ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကူညီထောက်ပံ့ ပေးနေပါတယ်။

 

ဇိုဝီဆာလ်ဒါးနားကို ၁၉၇၈ ခုနှစ်၊ ဇွန် ၁၉ ရက်က အမေရိကန် ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Passaic မှာ မွေးဖွားခဲ့ပြီး မွေးချင်း အစ်မနှစ်ယောက်ရှိပါတယ်။ နယူးယော့ခ်မြို့မှာ ကြီးပြင်းအရွယ်ရောက် လာတဲ့ ဆာလ်ဒါးနားဟာ အဂင်္လိပ်စကားကိုတင်မက စပိန်ဘာသာ စကားကိုလည်း တတ်ကျွမ်းပါတယ်။ ဇိုဝီဆာလ်ဒါးနား အသက် ကိုးနှစ် အရွယ်မှာပဲ ဖခင်ဖြစ်သူက ကားမတော်တဆမှုကြောင့် ကွယ်လွန်သွား ခဲ့ပြီး မိခင်ဖြစ်သူဟာ ဆာလ်ဒါးနားတို့ ညီအစ်မတွေနဲ့အတူ ဒိုမီနီ ကန်သမ္မတနိုင်ငံဆီ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ အကဝါသနာကြောင့် ECOS Espacio de Danza Academy မှာ အကပညာအမျိုးမျိုးကို လေ့လာ သင်ယူခဲ့တဲ့ ဆာလ်ဒါးနားဟာ အထက်တန်းကျောင်း သူဘဝမှာပဲ နယူးယော့ခ်မြို့ဆီ ပြန်လည် ရောက်ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ ပြဇာတ်အဖွဲ့တစ်ခုမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူသင်ယူခဲ့တဲ့ အကပညာ၊ သူ့ရဲ့ သရုပ်ဆောင်အတွေ့အကြုံကြောင့် Center Stage ရုပ်ရှင်မှာ အကမယ်လေးအဖြစ် ပါဝင်ခွင့်ရရှိပြီး ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ ဆာလ်ဒါးနားဟာ အခုအချိန်မှာတော့ လူသိများတဲ့ မီလျံနာ ရုပ်ရှင်မင်းသမီးဘဝကို ပိုင်ဆိုင်ထားပါပြီ။ ၂ဝ၁ဝ ပြည့်နှစ်မှာ ၁ဝ နှစ်လောက်တွဲခဲ့တဲ့ ချစ်သူကိတ်သ်ဘရစ်တန်နဲ့ စေ့စပ်ကြောင်း လမ်းခဲ့ပေမဲ့ နောက်တစ်နှစ်မှာပဲ လမ်းခွဲခဲ့တဲ့ ဆာလ်ဒါးနားဟာ ၂ဝ၁၃ ခုနှစ်မှာတော့ အီတလီလူမျိုး ပန်းချီဆရာ မာကိုပရေးဂိုနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သားသုံးယောက် ထွန်းကားခဲ့ပါတယ်။

 

ပြည့်ဝတဲ့ အနုပညာအရည်အသွေးနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နာမည်ကျော် မီလျံနာဟောလိဝုဒ်မင်းသမီးဘဝ ရောက်ရှိလာတဲ့ အသက် ၃၉ နှစ်အရွယ် ဇိုဝီဆာလ်ဒါးနားဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့ကြီးမှာရှိတဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်ကြီးမှာ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ ဟောလိဝုဒ်က တခြားနာမည်ကျော်အနုပညာရှင်တွေလိုပဲ ဇိုဝီဆာလ်ဒါးနားဟာလည်း စီးတော်ယာဉ်အဖြစ် အဖိုးတန်မော်တော်ကားတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ စီးတော်ယာဉ်တွေထဲမှာ သူ့အချစ်တော် အနက်ရောင် Audi A8 နဲ့ သူ့ အတွက် ပထမဆုံးကိုယ်ပိုင်စီးတော်ယာဉ် Audi S6 တို့တင်မကဘဲ ဇိမ်ခံ SUV ကားကြီး Audi Q7 နဲ့ အလန်းစားဇိမ်ခံအမိုးဖွင့်ပြိုင်ကား Audi R8 Spyder တို့လည်း ပါဝင်တာကြောင့် ဆာလ်ဒါးနားဟာ Audi ကားချစ်သူတစ်ယောက်လို့ အတိအကျဆိုနိုင်ပါတယ်။ သူ့မှာ Audi ကားတွေတင်မက နာမည်ကျော် Mercedes G-Wagon ကားကြီးတစ်စီးလည်း ရှိပါတယ်။ သူပါဝင်ခဲ့တဲ့ စူပါဟီးရိုးဇာတ်လမ်းတွေမှာ ကြမ်းကြမ်းရမ်းရမ်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆာလ်ဒါးနားဟာ ၂ဝ၁၄ ခုနှစ်တုန်းက Marie Claire မဂ္ဂဇင်းအတွက် Mercedes-Benz S-Class ဇိမ်ခံကားပေါ်မှာ ဓာတ်ပုံရိုက်တဲ့အခါမှာတော့ ကားရဲ့ ခမ်းနားထည်ဝါမှုနဲ့ လိုက်ဖက်ညီစွာ ဆွဲဆောင်အားကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဟန်နဲ့ ကြော့ရှင်း လှပနေပါတယ်။ စူပါဟီးရိုးဇာတ်လမ်းတွေ အရိုက်များတဲ့ ရုပ်ရှင်မင်းသမီးချော ဆာလ်ဒါးနားဟာ ရုပ်ရှင်တွေထဲမှာတင် ဟီးရိုးတစ်ယောက် မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာလည်း ဒုက္ခရောက်နေသူတွေကို အကူအညီပေးလေ့ရှိသူပါ။ တစ်ခါတုန်းက စျေးဝယ်ထွက်လာတဲ့ ဆာလ်ဒါးနားဟာ ကားမတော်တဆမှုဖြစ်နေတဲ့ အသက်အရွယ်ကြီးကြီး အမျိုးသမီးကြီး တစ်ယောက်ကို အကူအညီပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အမျိုးသမီးကြီးရဲ့ ကားမတော်တဆမှုကို မြင်တွေ့လိုက်တဲ့ ဆာလ်ဒါးနားဟာ ကိုယ်နဲ့မဆိုင်သလို ရှောင်ကွင်းမသွားဘဲ မဆိုင်းမတွကူညီပေးခဲ့ပြီး အရေးပေါ် ဖုန်းနံပါတ် ၉၁၁ ကိုလည်း ဖုန်းဆက်အကြောင်းကြားပေးခဲ့တာပါ။ သတိဝင်နေပေမဲ့ ကားမတော်တဆမှုကြောင့် ဒဏ်ရာရရှိထားဟန်တူတဲ့ အဲဒီအမျိုးသမီးကြီးကို ဆာလ်ဒါးနားက တခြားလမ်းသွားလမ်းလာတွေနဲ့ အတူ ကူညီ ဖေးမခဲ့ပြီးကယ်ဆယ်ရေးသမားတွေရောက်ရှိလာတဲ့အထိ အမျိုးသမီးကြီးကို စောင့်ရှောက်ပေးခဲ့ကြပါတယ်။ အဲဒီ အကြောင်းကိုတွေ့မြင်ခဲ့ရတဲ့ လမ်းသွားလမ်းလာတွေကပြန်လည်ပြောပြခဲ့ကြတာဖြစ်ပြီး သတင်းတချို့မှာလည်း ဆာလ်ဒါးနားကို လက်တွေ့ဘဝက စူပါဟီးရိုး တစ်ယောက်အဖြစ် ရေးသားဖော်ပြခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here