ရှေးမြန်မာ့ လက်မှုပစ္စည်းများ (အိုး၊ စဉ့်အိုး၊ အုတ်) အပိုင်း-(၁)

51

 

သမိုင်းဦးလူသားတို့သည် ကျောက်ခေတ်သစ်ကတည်းက အိုးလုပ်တတ်ခဲ့ကြရာ အိုးလုပ်သည့် အတတ်ပညာသည် ခေတ်ဦးလူသားတို့၏ ကြီးစွာသော လက်နက်မှုဆိုင်ရာ တီထွင်အောင်မြင်မှုတစ်ရပ်ပင် ဖြစ်သည်။
အရှေ့တောင်အာရှဒေသများ၌ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ဝ၀ ခန့်ကပင် အိုး အသုံးပြုတတ်ခဲ့ကြသဖြင့် ထိုအချိန်ကပင် အိုးဖုတ်လုပ်ငန်းရှိ သည်ဟု ဆိုရမည်ဖြစ်သည်။ အဆင်တန်ဆာ အလှအပ အခြယ်အသများ ပါသည့် အဆင့်အတန်းမြင့်သော အိုးများကို လွန်ခဲ့သောနှစ်ပေါင်း ကိုးထောင်ခန့်က ပြုလုပ်တတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အိုးဖုတ်လုပ်ငန်း တိုးတက်မှုက အာရှအနောက်ပိုင်းဒေသများနှင့်စာလျှင် နှေးကွေးနောက်ကျခဲ့သည်။ သစ်၊ ဝါးပေါများသော မြန်မာနိုင်ငံတွင် ဝါးကျည်တောက်များ၊ ဘူးသီး ခြောက်များကို ရေသယ်ရန်အတွက် သုံးစွဲခဲ့ကြသလို ဝါးကျည်တောက်ကို အသုံးပြုပြီး ထမင်းချက်ခဲ့ကြသည်။ မြန်မာတို့သည် ယနေ့ထိတိုင် ကောက်ညှင်းကို ဝါးကျည်တောက်တွင်ထည့်၍ ဖုတ်ခြင်းဖြင့် ကောက်ညှင်း ကျည်တောက်ပြုလုပ်ကာ စားသုံးလျက်ရှိနေကြသည်။

ရှေးဟောင်းသုတေသနဌာန၏ တူးဖော်ချက်အရ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က အိုးများကို အမရပူရမြို့၊ တောင်သမန်အင်း၏ အနောက်ဘက်ကမ်း အောင်ခြင်းရှစ်ပါးနှင့် မဟာဂန္ဓာရုံကျောင်းတိုက်များ အကြားဒေသမှ တွေ့ရှိရသည်။ အိုးများကို လူအရိုးစုများနှင့်အတူ တွေ့ ရှိခဲ့ကြရခြင်း ဖြစ်သည်။ အိုးပုံစံ ကိုးမျိုးခန့်ရှိပြီး အိုးထိန်းစက်ကို အသုံးပြုကာ လုပ်ထားသောအိုးများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ အနောက်အာရှ ဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၂,၅၀ဝ ခန့်ကပင် အိုးထိန်းစက်ကို အသုံးပြုနေပြီဖြစ်ကြောင်း သိသာလှသည်။ တောင်သမန်အင်းတူးကွက်မှ တွေ့ရှိခဲ့ရသော အိုးများတွင် အဆင်တန်ဆာ အခြယ်အသအဖြစ် အချိတ် အကြောင်းနှင့် အစင်းများပါသလို လှိုင်းများပေါ်မှ ကြာပွင့်သဏ္ဌာန်ပုံလည်း ပါရှိသည်။ အိုးအောက်ပိုင်းသည် အလုံးဖြစ်၍ ကရွတ်ပါမှ ထိုင်နိုင်မည့်အိုး မျိုးဖြစ်သည်။

ပျူတို့ဒေသတစ်ခုဖြစ်သော ဗိဿနိုး(အေဒီ ၁ ရာစုမှ ၅ ရာစု)ကို တူးဖော်ခဲ့စဉ်ကလည်း ကျောက်အရိုးအိုးများ၊ ပစ္စည်းသိုလှောင်နိုင်သည့် အိုးကြီးများ၊ ချက်ပြုတ်ရေးအိုးများ၊ စားခွက်နှင့် ရေသောက်ခွက်များကို တွေ့ရှိခဲ့ရသည်။ အချို့အိုးများက ဘူးသီးပုံရှိပြီး ပစ္စည်းသိုလှောင်အိုးများ ကမူ ယနေ့ခေတ်သုံး စဉ့်အိုးပုံနှင့်တူသော်လည်း စဉ့်သုတ်ထားခြင်းမရှိ ပေ။ အိုးများတွင် အဆင်တန်ဆာအခြယ်အသအဖြစ် အစင်းအကြောင်းများ၊ ကြာဖတ်ပုံများ၊ လူပုံများ၊ တိရစ္ဆာန်ပုံများ ပါရှိသည်။ ဗိဿနိုးတူးကွက် တွင် မီးဖုတ်ထားသော မြေပုတီးစေ့အရွယ် အမျိုးမျိုးကိုလည်း တွေ့ရှိခဲ့ ရသည်။ မြေပုတီးစေ့အကြီးများကို ရက်ကန်းတွင် အသုံးပြုခဲ့ကြသည်ဟု ယူဆရသည်။ ကလေးကစားစရာ ခွေးရုပ်၊ ဖားရုပ်နှစ်ခု၊ ခရုခွံကဲ့သို့ပုံများ အပြင် ကိန္နရာရုပ်နှင့်တူသော အရုပ်ငယ်တစ်ခုကိုလည်း တွေ့ရှိခဲ့ကြရာ ရွှံ့ကိုမီးဖုတ်ထားသော အရုပ်များဖြစ်ကြကြောင်း အတည်ပြုခဲ့သည်။ အဆို ပါ ရှေးဟောင်းပစ္စည်းများ အထောက်အထားများအရ ဗိဿနိုးပျူတို့၏ မြေအိုးလုပ်ငန်း အဆင့်အတန်းက မနိမ့်ကျခဲ့ကြောင်း သိသာထင်ရှားလှ သည်။

ပျူတို့နေထိုင်ခဲ့ရာ ဟန်လင်းဒေသ (အေဒီ ၄ ရာစုမှ ၉ ရာစု)မှ လည်း ဗိဿနိုးအိုးများနှင့် အလားတူသောအိုးများ၏ အိုးခြမ်းကွဲများကို တွေ့ရှိခဲ့ရသည်။ အိုးခြမ်းကွဲ ၁၅çဝဝဝ ခန့်ကို စုဆောင်းရရှိခဲ့သော်လည်း စဉ့်အစအနကိုမူ လုံးဝမတွေ့ရပေ။ ပြည်မြို့မှ လေးမိုင်ခန့်အကွာ မှော်ဇာတွင် ပျူတို့၏ သရေခေတ္တရာမြို့ဟောင်း (အေဒီ ၃ ရာစု မှ ၁၀ ရာစု)တည်ရှိသည်။ သရေခေတ္တရာ၌ တွေ့ရသောအိုးများသည် ဗိဿနိုးနှင့် ဟန်လင်းအိုးများထက် လက်ရာပုံစံနှင့် အဆင်အသက် များစွာသာလွန် ကောင်းမွန်သည်။ အရိုးအိုးများတွင် စာများရေးထိုးထားသည်ကို တွေ့ရှိရသောကြောင့် မြေအိုးလုပ်ငန်းသည် သရေခေတ္တရာပျူတို့ခေတ်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဟု ယူဆရသည်။

တကောင်းတွင် ရှေးဟောင်းသုတေသနဌာနက တူးဖော်ရာမှ ၁၂ ရာစု ပုဂံနှင့် ခေတ်ပြိုင်ပစ္စည်းများနှင့် မြေအိုးများကို တွေ့ခဲ့ရသော်လည်း စဉ့်အစအနကိုမူ မတွေ့ရပေ။ အချို့အိုးများက ယခု အလ္လကပ္ပမှထွက် သောအိုးများနှင့် ပုံသဏ္ဌာန်တူသည်။ တကောင်းခေတ် အိုးလုပ်ငန်းသည် အဆင့်အတန်းမနိမ့်ဘဲ ကြီးကျယ်ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ သပိတ် များ၊ ပန်းအိုးများ၊ အိုးအောက်ဘက်တွင် အပေါက်ငယ်များပါသည့် အိုး (ယနေ့ခေတ်ကောက်ညှင်းပေါင်းအိုးမျိုး)ကိုလည်း တကောင်းတူးကွက်မှ တွေ့ရှိခဲ့ရသည်။

ရေလုံပြီး ချက်ပြုတ်နိုင်ရန်အတွက် မြေအိုးကို ငါးရာ ဒီဂရီစင်တီ ဂရိတ်ခန့် အပူပေးမီးဖုတ်ရန် လိုအပ်သည်။ ၁,၁၅၀ ဒီဂရီစင်တီဂရိတ် အထိ အပူပေးသည့်တိုင် ရေစိမ့်ပြီး ဆီယိုနိုင်သေးရာ ဆီကဲ့သို့သော ပစ္စည်းထည့်ရန်နှင့် လုံးဝ ရေမစိမ့်စေရန်အတွက် မြေအိုးကို စဉ့်သုတ်ရန် လိုအပ်သည်။ တောင်သမန်၊ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ရှေးမြို့ဟောင်းနေရာများမှ တွေ့ရသောအိုးများနှင့် အိုးကွဲများတွင် စဉ့်အစ အန လုံးဝမတွေ့ခဲ့ကြရပေ။

အာရှအနောက်ပိုင်းနိုင်ငံများတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၉၀ဝ ခန့်ကပင် စဉ့်လုပ်ငန်းကို တတ်မြောက်လုပ်ကိုင်နေ ခဲ့ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ၁၁ ရာစုခန့် (ပုဂံခေတ်)ကျမှ စဉ့်သုတ်လုပ်ငန်းကို လုပ်ဆောင်တတ်ခဲ့ကြသည်ဟု ယူဆရ သည်။ ပုဂံခေတ်အိုးလုပ်ငန်းသည် စဉ့်သုတ် အတတ်ပညာကို ရရှိလာသဖြင့် များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ပုဂံမှ လေးမိုင်အကွာ သရိရွာရှိ အရှေ့ဘက်လိပ် နှင့် အနောက်ဘက်လိပ်ဘုရား (အေဒီ ၁၁ ရာစု ဦး)များတွင် ဗုဒ္ဓဖြစ်တော်စဉ် နိပါတ်တော်နှင့် ဇာတ်တော်များကို ဖော်ပြထားသည့် မြေပုံအုတ်ခွက်များကို တွေ့ရှိရသော်လည်း စဉ့်အသုံးပြုထားသည်ကိုမူ မတွေ့ ရပေ။ ၁၁ ရာစုအလယ်ခန့်က တည်ထားခဲ့သည်ဟု ခန့်မှန်းရသော ငကျွဲနားတောင်းဘုရားကိုမူ စဉ့်အုတ်များဖြင့် တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ ပုဂံမြို့ တောင်ဘက် နှစ်မိုင်အကွာ မြင်းကပါရွာတွင် စဉ့်ဖိုများရှိသည်။ ၁၂ ရာစုက တည်သော ဘုရားများတွင် အစိမ်းရောင်စဉ့်အုတ်ခွက်များကို အများအပြား အသုံးပြုထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ် ၁၁ ရာစုအလယ်ခန့်တွင် ပုဂံပြည်၌ စဉ့်လုပ်ငန်းကို စတင်တတ်မြောက်ပြီးနောက် ထွန်းကားလာခဲ့သည်ဟု ဆိုနိုင်သည်။ စဉ့်အတတ်ပညာကို ရှမ်းများက တရုတ်ပြည်မှ ယူဆောင်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။

၁၄ ရာစုလောက်ကတည်းက မြန်မာ့စဉ့်အိုးလုပ်ငန်းကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများကပါသိရှိပြီး ထင်ရှားခဲ့သည်။ မုတ္တမအိုး၊ သို့မဟုတ် ပဲခူးအိုးဟု ကျော်စောခဲ့သော စဉ့်အိုးများအကြောင်းကို အေဒီ ၁၃၅၀ ခန့်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မှတ်တမ်းများတွင် တွေ့ရသည်။ ထိုစဉ့်အိုးများကို တွံတေးတွင် ထုတ်လုပ်ပြီး မုတ္တမမှ ဖြန့်ဖြူးခဲ့ရာ ထိုစဉ်က အိန္ဒိယသမုဒ္ဒရာအတွင်း၌ ကူးသန်းသွားလာနေသော သင်္ဘောများက အများအပြားဝယ်ယူပြီး အိန္ဒိယနှင့် အာရေဘီးယားနိုင်ငံများအထိ တင်ပို့ရောင်းချခဲ့ကြသည်။ မုတ္တမအိုး၊ သို့မဟုတ် ပဲခူးအိုးဟု နိုင်ငံခြားသားများက အမည်ပေးထားသော စဉ့်အိုးများသည် ၁၉ ရာစု အထိ ကျော်စောထင်ရှားခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပခဲ့သော အင်ပါယာပြပွဲကြီးတွင် မြန်မာ့စဉ့်အိုးအရွယ်အစားအမျိုးမျိုးကို တခမ်းတနား ပြသခဲ့သည်။

ရခိုင်ပြည်တွင် အေဒီ ၁၄၃၀ ပြည့်နှစ်က တည်ထောင်ခဲ့သော မြောက်ဦးမြို့တော်သည်လည်း စဉ့်လုပ်ငန်းထွန်းကားရာ ဌာနတစ်ခုဖြစ်ခဲ့သည်။ မြောက်ဦးမြို့ရှိ ထူပါရမနစေတီတံတိုင်းတွင် စဉ့်အုတ်ချပ်များ ဖြင့် ပန်းပွင့်ဖော်ထားသည်။ ပန်းပွင့်အလယ် ဝတ်ဆံအဝိုင်းက စိမ်းပြာရောင်၊ ပွင့်ချပ်အကြီးက အဖြူရောင်နှင့် ပွင့်ချပ်ငယ်များက အဝါရောင် စဉ့်အုတ်ချပ်များ ဖြစ်ကြသည်။ ထို့ပြင် ၁၆ ရာစုက တည်ထားခဲ့သော ရတနာပုံစေတီတွင်လည်း အပြာနုရောင် စဉ့်အုတ်ချပ်များဖြင့် ကြာဖတ်ပုံ၊ ပန်းခက်ပန်းနွယ်ပုံများကို ဖော်ထားသည်။ ရှစ်သောင်းဘုရားမှ လည်း ကောင်း၊ မြောက်ဦးနန်းတော်ရာမှ လည်းကောင်း အစိမ်းရောင် စဉ့်အုတ်ခွက် အကျိုးအပဲ့များကို ရရှိခဲ့သည်။ ပရိမ်အရပ်ရှိ စဉ့်ဖိုမှလည်း ၁၆ ရာစုကဟု ခန့်မှန်းရသော အပြာနုရောင် စဉ့်အုတ်ခွက်တစ်ခုရရှိခဲ့ဖူး သဖြင့် ရခိုင်ပြည်မြောက်ဦးခေတ်တွင် စဉ့်လုပ်ငန်း ထွန်းကားခဲ့ကြောင်း သိသာသည်။ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများမှာ စေတီပုထိုးဆိုင်ရာ အဆင်တန်ဆာ စဉ့်အုတ်ခွက်နှင့် အုတ်ချပ်များသာဖြစ်ကြသဖြင့် စဉ့်လုပ်ငန်း ထွန်းကားခဲ့သည်ဆိုသော်လည်း လူသုံးပစ္စည်း စဉ့်အိုးထုတ်လုပ်မှု လုပ်ငန်းရှိ/မရှိကိုမူ အတိအကျပြောရန် မလွယ်ကူပေ၊ ထင်ရှားလှသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here