ရှေးမြန်မာ့လက်မှုပစ္စည်းများ (အိုး၊ စဉ့်အိုး၊ အုတ်) အပိုင်း(၂)

37

 

စစ်ကိုင်းဝန်းကျင်ဒေသတွင်လည်း ၁၇ ရာစုအလယ်လောက်က စဉ့်လုပ်ငန်း ရှိခဲ့သည်။ စစ်ကိုင်း ကောင်းမှုတော်စေတီဝန်းကျင်တွင် အဖြူရောင် စဉ့် အုတ်မိုးသော အဆောက်အအုံများရှိပြီး ထိုဒေသမှ အစိမ်းရောင်စဉ့် အုတ်များနှင့် စဉ့်မသုတ်သော အုတ်များကိုလည်း တွေ့ရသဖြင့် စစ်ကိုင်းသည် ထိုစဉ်က စဉ့်လုပ်ငန်း ထွန်းကားရာဌာနတစ်ခုဖြစ်ခဲ့မည်ဟု ခန့်မှန်းရသည်။

အလောင်းမင်းတရားလက်ထက် ၁၈ ရာစုအလယ်တွင် ဟံသာဝတီ မွန်တို့ဒေသမှ အိုးအလုပ်သမားများမှာ စစ်သုံ့ပန်းအဖြစ် အထက်မြန်မာနိုင်ငံသို့ ပါလာခဲ့ကြသည်။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာကို ဆက်လက်လုပ်ကိုင်နိုင်ရန် လုပ်ငန်းနှင့်သင့်လျော်သော ကုန်ကြမ်းရနိုင်သည့်ဒေသတွင် နေရာချထားပေးခဲ့သည်။ ပထမတွင် ကျောက် မြောင်းရွာမှ ခြောက်မိုင်ခန့်ဝေးသော မအူအရပ်ကို ရွေးချယ်ကြသော်လည်း အိုးလုပ်ငန်းအတွက် ကုန်ကြမ်းမြေ လှိုင်လှိုင်မရနိုင်သဖြင့် မြေ ကောင်းရာ နွယ်ခွေကုန်းတန်းအနီး၌ နွယ်ငြိမ်ရွှေဂွန်းနှင့် ရွှေတိုက်ရွာများတည်ကာ အခြေချခဲ့ကြသည်။ လုပ်ငန်းကို အားပေးလိုသော ဘုရင်မင်းမြတ်က လုပ်ငန်းအတွက် သင့်လျော်သည့်မြေကို မည်သည့်နေရာမှမဆို တူးယူခွင့်ပြုခဲ့သည်။ ရွှေနန်းတော်အောက်ကပင်ဖြစ်စေကာမူ တူးခွင့်ပြုသည်ဟု မိန့်တော်မူခဲ့ကြောင်း ရှေးလူကြီးများအစဉ်အဆက်က ပြောခဲ့ကြသည့် ပါးစပ် ရာဇဝင်ရှိခဲ့သည်။ ဤသို့ဖြင့် ၁၈ ရာစုအလယ်မှစ၍ ရွှေဘိုကျောက်မြောင်းဒေသတွင် စဉ့်လုပ်ငန်းဗဟိုဌာနတစ်ခု ပေါ်ထွန်းလာခဲ့သည်။

ကျောက်မြောင်း နွယ်ငြိမ်စဉ့်လုပ်ငန်းသည် မွန်တို့၏ အတတ်ပညာမှ ဆင့်ကဲပြန့်ပွားလာခြင်း ဖြစ်သည်။ ထိုဒေသသို့ ရောက်ရှိအခြေချသူများမှ မုဒုံအနီး အိုးရုံကြီးနှင့် အိုးရုံကလေးကျေးရွာများမှ ဖြစ်ကြသည်ဟု ဆိုကြသည်။ တွံတေးစဉ့်လုပ်ငန်းသည်လည်း အိုးရုံကြီးနှင့် အိုးရုံကလေး၏ အဆက်အနွယ်ဟု ဆိုကြသော်လည်း တွံတေးစဉ့်အိုးများက ကျောက် မြောင်းအိုးများလောက် အရွယ်အစားမကြီးပေ။

ဆန်စပါးနှင့် ကောက်ပဲသီးနှံများ ပေါများပိုလျှံအောင် ထုတ်လုပ်လာနိုင်သောအခါ ပိုလျှံပစ္စည်းများကို သိုလှောင်ထားရန် ပစ္စည်းများလို အပ်လာသည်။ ထိုပြဿနာကို စဉ့်အိုးနှင့် အင်တုံများက ဖြေရှင်းပေးခဲ့ ကြသည်။ ထိုခေတ်က စဉ့်အိုးမှာ ရေလုံ၊ ဆီလုံသဖြင့် အရည်သိုလှောင်ရန် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့်ပင် စဉ့်အိုး ထုတ်လုပ်သူတို့က ဆီ ပိဿာချိန်အလိုက် အကြီးအငယ်အရွယ်အစားအမျိုးမျိုး သတ်မှတ်ကာ ထုတ်လုပ်ခဲ့ကြသည်။ ပိဿာတစ်ရာ ဝင်ဆံ့သောအိုးကို ရာဝင်အိုးဟု ခေါ်ဝေါ်ခဲ့ကြပြီး ယေဘုယျအားဖြင့် အရွယ်အစားအကြီးဆုံးအိုး ဖြစ်သည်။

နွယ်ငြိမ်တွင် ပိဿာ ၁၅၀ နှင့် ပိဿာ နှစ်ရာဝင် စဉ့်အိုးကြီးများကိုလည်း ထုတ်လုပ်ခဲ့ကြသည်။ ပိဿချိန် ငါးဆယ်ဝင်၊ အစိတ်ဝင်၊ တစ်ဆယ် ဝင်အိုးများမှာ လူသုံးများသော စဉ့်အိုးများဖြစ်ကြသည်။ စဉ့်အင်တုံများ ကိုမူ ဆန်၊ ပဲ၊ ပြောင်းနှင့် နှမ်းစသည့်တို့ထည့်ရန် အသုံးပြုရသဖြင့် တစ်တင်းဝင်၊ တစ်ခွဲဝင်၊ တစ်စိတ်ဝင် စသည်ဖြင့် သတ်မှတ်ထုတ်လုပ်ခဲ့ကြသည်။ စဉ့်အိုးလုပ်ငန်းအတွက် လိုသောကုန်ကြမ်းများမှာ ကျောက် မြေနုကြမ်း၊ ညောင်နီမြေ၊ မြေနုနှင့် ချော်တို့ဖြစ်ကြပြီး မစိုမခြောက်ထင်းကို အသုံးပြုကာ ဖိုကြီးများဖြင့် ဖုတ်ကြရသည်။
မြေအိုး၊ မြေခွက်စသော မြေထည်ပစ္စည်းများမှာ မြို့ရွာကြီးငယ်မဟူ အိမ်တိုင်းတွင် လိုအပ်သော နေ့စဉ့်သုံးပစ္စည်းများ ဖြစ်သည်။ ထို့ ကြောင့်ပင် မြေအိုး၊ မြေထည် လုပ်တတ်၊ ဖုတ်တတ်သော ကျောက် ခေတ်သစ်မှစ၍ မြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် အိုးလုပ်ငန်းသည် မှေးမှိန်တိမ်ကောခြင်း မရှိခဲ့ပေ။ တိုးပွားလာသော လူဦးရေနှင့် လိုက်လျောညီစွာ လုပ်ငန်းများကလည်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကြေးအိုး၊ ကြေးခွက်အသုံးပြုမှု မရှိသလောက် နည်းပါးသဖြင့်လည်း မြေအိုးလုပ်ငန်းသည် အရေးပါလှသော လက်မှု လုပ်ငန်းတစ်ခု ဖြစ်နေခဲ့သည်။ ၁၁ ရာစုအလယ်လောက်က စတင်ခဲ့သည် ဟု ခန့်မှန်းရသော စဉ့်လုပ်ငန်း၊ စဉ့်အိုးစဉ့်ခွက်လုပ်ငန်းသည်လည်း ၁၄ ရာစုအလယ်တွင် အိန္ဒိယသမုဒ္ဒရာတစ်လျှောက် အာရေးဘီးယားအထိတိုင် အောင် ပေါက်ရောက်ကျော်စောခဲ့သည်။

ပုဂံနှင့် မွန်တို့ဒေသရှိ အိုးရုံရွာများ၊ တွံတေး၊ ရခိုင်ပြည်မြောက်ဦး နှင့် စစ်ကိုင်းတို့သည် စဉ့်လုပ်ငန်းထွန်းကားရာ ဗဟိုဌာနများ ဖြစ်ခဲ့ကြသည်။ ၁၈ ရာစုအလယ်တွင် ရွှေဘိုကျောက်မြောင်းအနီး နွယ်ငြိမ်ရွှေတိုက်နှင့် ရွှေဂွန်းတို့သည် ရာဝင်၊ ငါးဆယ်ဝင် စဉ့်အိုးကြီးများ ထုတ်လုပ် ရာ စခန်းသစ်တစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။ မြန်မာ့မြေအိုးမြေထည် လုပ်ငန်း၊ စဉ့်အိုးစဉ့်ထည်လုပ်ငန်းသည် မြန်မာမင်းများလက်ထက်တွင် သာမက ယခုအထိတိုင် ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ခေတ်မီ ဒန်အိုးဒန်ခွက်များ၊ ပလတ်စတစ်ပစ္စည်းများ၏ လွှမ်းမိုးမှုကို ကြံ့ကြံ့ခံကာ ရှင်သန်နေသော သမားရိုးကျ မြန်မာ့လက်မှုလုပ်ငန်းတစ်ခုပင် ဖြစ်သည်။
အိုးလုပ်ငန်း၊ အိုးဖုတ်လုပ်ငန်းနှင့် အလားတူသော လက်မှုလုပ်ငန်း တစ်ခုမှာ အုတ်ဖုတ်လုပ်ငန်းဖြစ်သည်။ ရှေးဟောင်းသုတေသနဌာနက တူးဖော်တွေ့ရှိချက်အရ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းစသော ပျူမြို့ပြနိုင်ငံများခေတ်(အေဒီ ၁ ရာစုမှ ၁၀ ရာစု)က နန်းတော်၊ ကျောင်း၊ စေတီပုထိုး၊ မြို့ရိုးစသည်တို့ကို အုတ်ဖြင့် တည်ဆောက်ခဲ့ကြကြောင်း သိရှိရသည်။ ပျူတို့နေထိုင်ခဲ့ရာဒေသများမှ ပျူခေတ်အုတ်ချပ်ကြီးများကို မြေပေါ်မှ လည်းကောင်း၊ မြေအောက်မှ လည်းကောင်း အများအပြားတွေ့ရှိခဲ့ရသည်။ ပျူခေတ်အုတ်ချပ်ကြီးများသည် အရွယ်အားဖြင့် ထူးခြားကြီးမားကာ အကြမ်းဖျင်းအားဖြင့် ၁၈”x ၉”x ၂” ခန့်ရှိသဖြင့် အုတ်လုပ်ငန်း၏ ပမာဏက မသေးငယ်ခဲ့ကြောင်း မှန်းဆနိုင်သည်။
ပုဂံခေတ်တွင် အုတ်လုပ်ငန်း ပိုမိုတိုးတက်ထွန်းကားခဲ့သည်ကို ယခု တိုင်ဖူးမြင်နေရသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံခေတ် စေတီပုထိုး ဂူကျောင်း အဆောက်အအုံပေါင်းများစွာတို့က သက်သေခံလျက်ရှိသည်။ ထိုမျှ များပြားလှသော ကျောင်း၊ ဘုရား၊ စေတီပုထိုးများနှင့် ကျောင်းများ တည်ထားရန် အုတ်ကိုထုတ်လုပ်ပေးသည့် အုတ်ဖုတ်လုပ်ငန်း၏ ကြီး ကျယ်ခမ်းနားခဲ့ပုံကို ခန့်မှန်းနိုင်သည်။ အုတ်ဖုတ်လုပ်ငန်းနှင့် အတူ အင်္ဂတေဖော်စပ်နည်းနှင့် ဖော်စပ်လုပ်ငန်း၊ ပန်းရန်လုပ်ငန်း စသောလက်မှု လုပ်ငန်းများကလည်း အထူးပင် ထွန်းကားခဲ့သည်။ အုတ်အဆောက်အအုံ ကြီးများသာမက အုတ်ကို အတွင်းအပြင်ကျောက်ညှပ်၍ ဆောက်လုပ်ထားသော နန်းဘုရား၊ ကျောက်ဂူဥမင် စသည်တို့အပြင် ကျောက်သက် သက်ဖြင့် ဆောက်လုပ်သော စက္ကူတိုက်၊ သဗ္ဗူညုဘုရားအနီး ခေါင်းလောင်း တိုင် စသည်တို့ကလည်း အထင်အရှားရှိနေသည်။ ပန်းရန်လုပ်ငန်းနှင့် အတူ ပန်းတမော့လုပ်ငန်းလည်း ထွန်းကားခဲ့ကြောင်း ထင်ရှားလှသည်။

မြန်မာနိုင်ငံအရပ်ရပ်ရှိ ရှေးဟောင်းစေတီပုထိုးပေါင်း မြောက်မြားစွာ တို့သည် ခေတ်အဆက်ဆက် မြန်မာမင်းများလက်ထက်က သမားရိုးကျ လက်မှုလုပ်ငန်းများဖြစ်ကြသော အုတ်ဖုတ်လုပ်ငန်းနှင့် ပန်းရန်လုပ်ငန်း တို့ကို ဖော်ညွှန်းနေကြသည့် သမိုင်းဝင်အထောက်အထားများပင် ဖြစ်ကြသည်။ ဆောက်လုပ်ထားသော အုတ်အဆောက်အအုံများတွင် အုတ်စီ ပုံနည်းစနစ်ကျခြင်း၊ သံကိုင်းသံချောင်းနှင့် သံပေါင်တို့၏အားဖြင့် ကွန် ကရစ်စသည်တို့ လုံးဝမပါဘဲ သတ်စီခုံး၊ သတ်စီပေါင်းခုံးများကို သုံးထား ခြင်း၊ ထုထည်နှင့် အလေးချိန်ပမာဏများ လိုက်လျောညီစွာ ကိုက်ညီ ကောင်းမွန်ခြင်းတို့ကို ထောက်ရှု၍ ရူပဗေဒပညာရပ်ဆိုင်ရာ သဘောတရားများကို ပုဂံခေတ်ကပင် တတ်မြောက်ကျွမ်းကျင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ပြင် အဆောက်အအုံ၏ အချိုးထောင့်နေရာခုံးများနှင့် ပေါင်းခုံးများတွင် သုံးရန် အုတ်ကို လိုသည့်ပုံသဏ္ဌာန်အတိုင်း ထုတ်လုပ်ခဲ့ကြကြောင်းက လည်း သိသာထင်ရှားလှသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here