ရှေးခေတ် မြန်မာစာပေများတွင် တွေ့ရှိရသော စက်များ

203

 

သိပ္ပံစာရေးဆရာကိုကိုအောင်

မြေငလျင် ပြင်းထန်စွာလှုပ်ခြင်းကို ‘နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ရဟတ်ကဲ့သို့ ပတ်ပတ်လည်လျက် သည်းစွာသော အသံပြုကာ တုန်လှုပ်၏’ ဟု ရှေးစာပေပညာရှင်များက တင်စား ဖွဲ့ဆိုခဲ့ကြသည်။ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိ ချက်အရ မြန်မာတို့သည် ပျူမြို့ပြနိုင်ငံတော်ခေတ်ကပင် မြေအိုး၊ ကျောက်အိုးများ ပြုလုပ်သုံးစွဲတတ်ခဲ့ကြကြောင်း သိရှိရသည်။ ထိုအိုးတို့ကို ဖုတ်လုပ်ရာ၌ အိုးကိုချောမွတ်စေရန်နှင့် အလိုရာပုံသဏ္ဍာန်ကို ရရှိစေရန်တို့ အတွက် လက်ခတ်နှင့်ရိုက်၍ လုပ်ဆောင်သည်ကတစ်ဆင့် အိုးထိန်းစက် ရဟတ်(Potter’s Wheel)ကို အသုံးပြုတတ်ခဲ့ကြရာ ထိုအိုးထိန်းစက်၊ သို့တည်းမဟုတ် ရဟတ်သည် စဉ်ဆက်မပြတ် အရှိန်ဖြင့်လည်ပတ်သည့် သဘောကိုဆောင်သည်။ ထို့ကြောင့်ပင် ရှေးပညာရှင်များက အရှိန်ပြင်းစွာ လည်ပတ်တုန်ခါသည်ကို အိုးထိန်းစက်ရဟတ်နှင့်နှိုင်းကာ တင်စား ဖွဲ့ဆို ခဲ့ကြရာ အိုးထိန်းစက်၊ သို့တည်းမဟုတ် ရဟတ်စက်၏ အနက်သဘော တစ်ခုအဖြစ် ပါဝင်လာသည်။ အိုးထိန်းစက်ကို အသုံးပြုတတ်ခဲ့သဖြင့် မြန်မာတို့သည် ရှေးမဆွကပင် ရဟတ်နှင့်ဘီး(Wheel) ၏ သဘောတရားကို ကောင်းစွာ နားလည်ခဲ့ကြကြောင်းနှင့် လက်တွေ့ အသုံးချတတ်ခဲ့ ကြကြောင်း သိသာလှသည်။
စက်၏အနက် ၁၄ မျိုးတွင် လက်နက်ဟူသော အနက်လည်း အပါအဝင်ဖြစ်သည်။ သာမန်လက်နက်မျိုးမဟုတ်ဘဲ အလွန်ထက်မြက်ပြင်းထန်သော ပိုင်းပိုင်းတိတိဖြတ်နိုင်သည့် စွမ်းအင်သတ္တိကြီးမားသော လက်နက်မျိုးကိုဆိုလိုကြောင်း တွေ့ရှိရသည်။ အနည်းငယ်ထုတ်နုတ်ပြရလျှင်-
– လက်အန်ဆန့်သော်၊ ပြည်ထောင်ဘော်လည်း၊ မပေါ်ဝံ့ကြီး၊
စက်နှယ်လှီးမျှ
– အရှင်လတ်လတ်၊ စက်နှယ်ဖြတ်သား
– စက်နှင့် တိုင်းတတ်၊ ပိုင်းပိုင်းပြတ်မျှ
– လှီးခုတ်စက်သွား၊ ဘုန်းတော်အားလည်း
စသည်တို့ကို ရေးဖွဲ့ခဲ့ကြောင်း တွေ့ရှိကြရမည်ဖြစ်သည်။ ထို့ကြောင့် ပင် စက်သည် တိတိပိုင်းပိုင်းဖြတ်နိုင်၊ လှီးနိုင်၊ ခုတ်နိုင်သော လက်နက်၊ သို့မဟုတ် ထိုကဲ့သို့ ဖြတ်နိုင်၊ လှီးနိုင်၊ ခုတ်နိုင်ခြင်းကို ဆိုလိုခဲ့ခြင်း ကြောင့် သိသာလှသည်။
ရှေးအဘိဓာန်ကျမ်းများ၌ ‘စက်၊ လှံ၊ လှင်တန်၊ လှံမ အစရှိသည် တို့ကား လက်နက်အထူးတည်း။ စက်လက်နက် အစရှိသည်တို့ကား လက်နက်အထူးတည်း။ စက်၏ အခြင်းအရာရှိသော လက်နက်အထူးသည် စက်လက်နက်မည်၏’ဟု လာသည်။ စက်၏ အခြင်းအရာရှိသော စက် လက်နက်ကား မည်သို့သော လက်နက်ဖြစ်မည်နည်း။ ရှေးစာပေတို့က ဤသို့ အဆိုအမိန့်ရှိခဲ့သည်။
ဗိဿနိုးနတ်မင်း အမြဲဆွဲဆောင်သောကြောင့် စက္ကပါဏိအမည်ရှိကြောင်း အဘိဓာန်ကျမ်း၊ အမရကောသကျမ်းများတွင် ရေးဖွဲ့ထားသည်။ ဝသဝတီမာရ်မင်းသည် ဒုရစက္က သင်တုန်းစက်လက်နက် စွဲကိုင်ကြောင်း သာသနာတော်ကျမ်းများတွင် ဆိုသည်။ ဒသနိပါတ်ဃဋပဏ်ဍိတဇာတ်တွင် ကံသမင်းကြီးနှင့် ညီတော် ဥပကံသအိမ်ရှေ့မင်းတို့ကို တူတော် ဝါသုဒေဝ မင်းသားက စက်လက်နက်နှင့်ပစ်၍ အနိစ္စရောက်သည်ဟု ဆိုသည်။ မဟာပိန္နဲနတ်မင်း စက်လက်နက်စွဲကိုင်ကြောင်း ဝန်ကြီးပဒေသရာဇာ၏ ဟိတကာရီလင်္ကာတွင် စပ်ဆိုထားခဲ့သည်။ ထို့ပြင် စက်လက်နက်အကြောင်းကို ဇိနာလင်္ကာရဋီကာ၊ အနာဂတဝင်ဋီကာတို့တွင် တွေ့ရှိရ သည်။ ပင်းယခေတ် စတုရင်္ဂဗလအမတ် စီရင်သော စက်ဂါထာတွင် လည်းကောင်း၊ ကျော်အောင်စံထားဆရာတော် စီရင်သော စက္ကင်္ဂဝိနိစ္ဆယ တွင်လည်းကောင်း တွေ့ရှိရသည်။ အဘိဓာန်ကျမ်း၊ အမရကောသကျမ်း၊ အဘိဓာန်ဋီကာ၊ အမရကောသဋီကာကျမ်းများတွင် အညီအညွတ်ဖွင့်ဆို ထားသည်။ ပုရာဏ်ကျမ်း ၁၈ စောင်တွင်လည်း စက်လက်နက်အကြောင်း ထင်ရှားစွာလာသည်ကို တွေ့ရှိရသည်။
လက်တွေ့အားဖြင့် ရှေးမြန်မာ့သမိုင်းတစ်လျှောက်တွင် လှံ၊ လှင် တန်၊ လှံမ အစရှိသော လက်နက်များကို အသုံးပြုခဲ့ကြကြောင်း ထင်ရှားသိသာသော်လည်း စက်လက်နက်စွဲကိုင်ဖူးကြောင်း အထောက်အထား အတိအကျကိုမူ မတွေ့ရပေ။ သို့ရာတွင် ဗဒုံမင်း (၁၇၈၂-၁၈၁၉) လက် ထက် မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ်(၁၈၁၆)တွင် အိန္ဒိယမှ ဆက်သ သော စက်လက်နက်ကို မြင်ဖူးတွေ့ဖူးသည်ဟု ဆိုသည်။
ဗဒုံမင်းလက်ထက်တွင် ကပိလတိုင်း ပဉ္စာလရာဇ်ပြည်သို့ စာပေ ကျမ်းဂန်များ အဆောင်အယူစေလွတ်သော မင်းကျော်တမွတ်တို့သည် ပဥ္စလရာဇ်မင်းက လက်ဆောင်တော်များနှင့် ထည့်အပ်လိုက်သော အမတ်ကြီး လာလာဒေဗီဒတ်နှင့်အတူ နေပြည်တော်သို့ ပြန်လာကြသည်။ ပဥ္စလရာဇ်မင်း၏ အမတ်ကြီး သယ်ဆောင်လာသော လက်ဆောင်တော် များတွင် ပြဒါးသေကို ခုတ်သည့်အလား သံတစ်ခဲနက်ဖြင့်ပြီးသည့် အဎုစန္ဒ လက်နက်လည်း ပါဝင်ခဲ့သည်။
“အဎုစန္ဒလက်နက်သည် စက်လက်နက်ဖြစ်၏။ ထိုလက်နက်သည် ပျဉ်းမာလှသော သံကို လုပ်သည်။ ပမာဏမှာ အကျယ်အဝန်းတစ်ထွာ ခန့်၊ ထွာကျော်ခန့်ရှိသဖြင့် အဝသို့ချည်း အသွားထားသည်။ စက်နား သတ်နှစ်သစ်ခန့် ဗြက်ရှိသည်။ အလွန်ထက်မြက်သည်။ ပစ်လွွတ်သော ကာလ ပြင်းထန်လှသောကြောင့် လက်ရုံး၊ လည်တိုင်များကို ထိမှန်လျှင် ပိုင်းပိုင်းပြတ်သောဟူ၏။ ပဉ္စာလရာဇ်မင်း၏ အမတ်ကြီး လာလာဒေဗီဒတ်နှင့် အမှုထမ်းသူရဲကောင်း တစ်ကျိတ်တို့သည် မှူးတော်မတ်တော် တို့ရှေ့တွင် အရပ်ခုနစ်တောင်ခန့်ရှိသော ဆောင်ပင်တောကို ထိုစက်လက် နက်ဖြင့် ပစ်လွတ်ပြသည်။ ထိခိုက်သမျှ သစ်ပင်သစ်ကိုင်း ပိုင်းရရိုင်းပြတ် လေသည်” ဟု မြဝတီမြို့စားဝန်ကြီး မင်းကြီးမဟာသီဟသူရက ပြောဆို ဖူးသည်ဟု သမိုင်းကဆိုသည်။ ထို့ကြောင့် စက်လက်နက်သည် လက် တွေ့တွင်လည်းရှိကြောင်း ကောက်ချက်ချနိုင်မည်ဖြစ်သည်။
စက္ကံသည် စစ်သည်ဟူသော အနက်ကိုဆောင်သည်။ ထို့ကြောင့် ပင် အစွမ်းသတ္တိရှိခြင်း၊ လက်နက်စွဲကိုင်ခြင်း၊ စစ်လက်နက်ကဲ့သို့ ရန် ငြောင့်ကိုဖြတ်တတ်ခြင်း၊ အနက်တို့ကိုထောက်၍ ရှေးက စစ်မှုထမ်းသူ ရဲကောင်းတို့ကို စက်ပါသောဘွဲ့များ ပေးလေ့ရှိသည်။ အထူးသဖြင့် ကုန်း ဘောင်ခေတ်ဦးပိုင်းတွင် ရဲစက်ကျော်ခေါင်၊ ရဲစက်တံခွန်၊ ရဲစက်ပျံချီ၊ နတ်စက်လောင်မီး၊ စက်ထွတ်နရာ၊ လျှပ်တောက်စက်ခြည်၊ စက်ထွက်ပျံ ချီ၊ နတ်စက်သူ၊ စက်လွတ်ပျံထင်၊ ပျံချီစက်ရဲကျော်၊ ပျံချီစက်သွား၊ စက် ထွတ်စံထား၊ စက်ထွတ်ပုညာ၊ စက်လွတ်ရဲသူ၊ စက်ထွတ်ကျော်သူ၊ စက္ကသိဒ္ဓိကျော်၊ စက္ကစန္ဒရကျော်၊ စက်တိုင်ကျော်၊ ရွေတောင်စက္က၊ တုရင်စက္ကကျော်၊ သာရစက္က၊ စက်မီးထိန်ကျော် စသည့်ဘွဲ့များ ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here