ရှေးခေတ်မြန်မာစာပေများတွင် တွေ့ရှိရသော စက်များ

122

 

စက်ဟုဆိုလိုက်လျှင် ယနေ့ခေတ် လူတို့က ရေနွေးငွေ့စွမ်းအား၊ စက်မှုစွမ်းအားနှင့် လျှပ်စစ်စွမ်းအားတို့ဖြင့် လည်ပတ်သော Engines နှင့် Machines စသည်တို့ကိုသာ ပြေး၍ မြင်ယောင်ကြလိမ့်မည်ဖြစ်သည်။ ရှေးမြန်မာစာပေများ၌ တွေ့ရသောစက်များသည် ကား Engines နှင့် Machines များမဟုတ်ကြပေ။ စက်၊ စက်လက်နက်၊ စက်ယန္တရားဟူသော ဝေါဟာရတို့ကို ပျို့၊ လင်္ကာ၊ ကဗျာ၊ မော်ကွန်းစသည်တို့နှင့် ရာဇဝင်ကျမ်း များ၌ အထင်အရှားတွေ့ရှိရသည်။ ထိုစက်၊ စက်လက်နက်နှင့် စက်ယန္တရားများသည်ကား မည်သို့သောစက်များ ဖြစ်ကြသနည်း။
စက်၊ စက္ကဟူသော သဒ္ဒါတွင် အနက် ၁၄ မျိုးရှိသည်ဟု ဝေါဟာရ လီနတ္ဃဒီပနီက ဆိုသည်။ ယင်းတို့သည်ကား-
(၁) ရထားလှည်းဘီး
(၂) စက်လက္ခဏာ(ဘုရား၊ မင်းစသော ဘုန်းရှိသူတို့၏ ခြေထောက် ပါ အမှတ်အသား)
(၃) ဓမ္မစက်
(၄) အာဏာစက်
(၅) သင်တုန်းစက်
(၆) သမ္ပတ္တိစက် (ပြည့်စုံခြင်း)
(၇) စကြာရတနာ (ယာဉ်)
(၈) စက်ဝန်း
(၉) စွမ်းအားသတ္တိ
(၁ဝ) အိုးထိန်းစက်
(၁၁) လက်နက်
(၁၂) ဣရိယာပုတ် (အိပ်စက်)
(၁၃) အလှူ
(၁၄) အစု တို့ပင် ဖြစ်ကြသည်။
ရှေးမြန်မာစာပေများ၌ တွေ့ရှိရသော စက်တို့သည် အထက်ဖော်ပြပါ အနက်တစ်မျိုးမျိုးကိုဆောင်သော စက်များပင် ဖြစ်ကြသည်။ ထိုစက်များ ထဲမှ စက်၊ စက််လက်နက်၊ စက်ယန္တရားတို့နှင့် စပ်လျဉ်းသည်တို့ကို အောက်ပါအတိုင်း လေ့လာကြည့်သင့်ကြသည်။

သရေခေတ္တရာမြို့တည်စဉ်က “ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ပရမေသုရာ၊ မဟာပိန္နဲ၊ လူမင်းသူမြတ်ခုနစ်ပါးတို့ စောင်မ၍ သရေ ခေတ္တရာပြည် တည်သည့်ကာလ၊ သိကြားပန်းလည်တိုင်ပြုသည်။ နဂါးကို စက်ကြိုး အမှတ်လှည့်သည်။ ဂဠုန်အာနုဘော်ကြောင့် နဂါးသုံးရစ် တွန့်သည်။ မြို့လည်း သုံးချက်တွန့်ရှိသည်။ သိကြားပန်းလည်တိုင်ပြု၍ စက်လည်သည့် နေရာတွင် ဘုရားတည်သည်။ ထိုဘုရားကို စက်ရာ ဘုရားဟူ၍ ယခုတိုင် ရှိသည်” ဟု ရာဇဝင်ကျမ်းများက ဆိုသည်။
ဤအဆိုအမိန့်သည် ဒဏာရီဆန်လှသော်လည်း သဘောတရားကို ဆင်ခြင်ပါက သိပ္ပံနည်းကျကြောင်း တွေ့ရှိရသည်။ ယနေ့ မျက်မှောက် ခေတ်တွင်လည်း ဘုရားစေတီများကို ထီးတင်ရာ၌လည်းကောင်း၊ ပိဋကတ်တော်များနှင့် ဓာတ်တော်များကို ပင့်ဆောင်လှူဒါန်းသည့် အခမ်းအနား စသည်တို့၌လည်းကောင်း သိကြားမင်း၊ ဗြဟ္မာမင်းနှင့် နတ်မင်း များအသွင် ဝတ်ဆင်ထားသော ပုဂ္ဂိုလ်များက ပင့်ဆောင်ကြသည်ကို တွေ့မြင်ကြရသည်။ ထို့ကြောင့်ပင် သရေခေတ္တရာမြို့တည်စဉ်က သိကြား၊ နဂါးနှင့် ဂဠုန်စသည်တို့ကလည်း အလားတူပင်ဖြစ်မည်ဟု ယူဆရသည်။

သတိပြုသင့်ကြသည်မှာ သိကြားကို ပန်းလည်တိုင်ပြု၍ နဂါးကို စက်ကြိုးအမှတ်လှည့်သည်ဟူသော အချက်ဖြစ်သည်။ မြို့ရာအဝန်းအဝိုင်း ကိုရအောင် စက်ဝိုင်းရေးဆွဲသည့် နည်းပညာကို အသုံးပြုထားကြောင်း သိသာထင်ရှားလှသည်။ သိကြားအသွင် ဆင်ယင်ထားသူကို ဗဟိုအမှတ် အတည်ထား၍ အလိုရှိသည့် အလျားအတိုင်းအတာရှိသောကြိုး၊ သို့မဟုတ် နဂါးသဏ္ဍာန်ကြိုးကို လှည့်ပတ်စေခြင်းဖြင့် မြို့အဝိုင်းရအောင် သတ်မှတ်ရေးဆွဲခဲ့ကြခြင်း ဖြစ်တန်ရာသည်။ ဂျီသြမေတြီပညာရပ်အရ ပြောရလျှင် သိကြားပန်းလည်တိုင်သည် စက်ဝိုင်း၏ ဗဟိုချက်ဖြစ်၍ နဂါး စက်ကြိုးသည် အချင်းဝက်(Radius) ဖြစ်သည်ကို သိနိုင်သည်။ စက်ကြိုး သုံးကြိမ်တွန့်၍ မြို့ရာသုံးချက်တွန့်သည်ဟု ဆိုထားသောကြောင့် အချင်းဝက် တစ်သမတ်တည်းရှိမှ စက်ဝန်းက တညီတညွတ်တည်းရှိမည်ကို သိနားလည်ကြောင်း ပေါ်လွင်သည်။ ယနေ့ခေတ် အချင်းဝက်ဟုခေါ် သည်ကို ရှေးတုန်းက စက်ကြိုးဟုခေါ်ခဲ့ကြောင်း သိပ္ပံနည်းကျဆင်ခြင်ပါ က မြန်မာတို့သည် သရေခေတ္တရာခေတ် အေဒီ ၄ ရာစုဝန်းကျင်ကပင် ဂျီသြမေတြီပညာ အခြေခံရှိပြီးဖြစ်ကြောင်း ကောက်ချက်ချနိုင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here