ရှောင်တခင်စစ်ဆေးမှု များပြားခြင်းကြောင့် ယခုနှစ်အတွင်း ‘ ခ ‘လိုင်စင်နှင့် စပယ်ယာလိုင်စင် လျှောက်ထားသူများပြား

1020

ကလေး၊ မေ

ကလေးမြို့အတွင်းနှင့် ကလေး-မုံရွာ-မန္တလေး လမ်းကြောင်းတစ်လျှောက်တွင် ရှောင်တခင်စစ်ဆေးမှုများပြားခြင်းကြောင့် ယခုနှစ်အတွင်း ‘ခ’လိုင်စင်နှင့် စပယ်ယာလိုင်စင် လျှောက်ထားသူများပြားလျက်ရှိကြောင်း ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ သိရသည်။

”ကလေး-မုံရွာ-မန္တလေး လမ်းကြောင်း တစ်လျှောက်မှာ ရှောင်တခင် စစ်ဆေးတာများတာရော ကလေးမြို့တွင်းမှာလည်း ဆပရိုက်ချက် စစ်တာများတော့ ဒီနှစ်ထဲမှာ ကညနကို ‘ ခ ‘ လိုင်စင် နဲ့ စပယ်ယာလိုင်စင် လာလျှောက်သူများတယ်၊ အရင်နှစ်ထက်ကို လစဉ် တော်တော်များတာ တွေ့ရတယ်”ဟု ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ တာဝန်ခံ အင်ဂျင်နီယာ ဦးသန်းနိုင်က ပြောကြားသည်။

‘ခ’လိုင်စင် ဖြေဆိုရာတွင် ပထမအဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းပို့ချပြီး စက်နှိုးခြင်း၊ စထွက်ခြင်း၊ လမ်းကြောင်းပေါ်မောင်းနှင်ခြင်း၊ ဂီယာပြောင်းခြင်း၊ ရပ်တန့်ခြင်း စသော အချက်ခုနစ်ချက်အပေါ် အခြေခံစစ်ဆေးကြောင်း၊ စပယ်ယာ လိုင်စင်ဖြေဆိုရာတွင်လည်း ယာဉ်တစ်စီး မထွက်ခွာမီနှင့် ယာဉ်ရပ်နားထားစဉ် ယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ ယာဉ်၏တည်ဆောက်ပုံနှင့် ပါဝင်သော အစိတ်အပိုင်း များ၏ အလုပ်လုပ်ပုံများ စသော ယာဉ်အကူများ၏ တာဝန်ဝတ္တရားများ ၂၂ ချက်၊ ရှောင်ကြဉ်ရမည့် အချက် ၁ဝ ချက်၊ ယာဉ်အကူများအား တားမြစ်ချက် ခုနစ်ချက် စသော အချက်များကို မေးမြန်း၍ ဖြေဆိုအောင်မြင်သူများကို စပယ်ယာလိုင်စင် ထုတ်ပေးကြောင်း ကလေးခရိုင် ကညနရုံးမှ သိရသည်။

”စပယ်ယာလိုင်စင်လျှောက်တဲ့သူက မှတ်ပုံတင်ပါရမယ်၊ ပြီး တော့ လူကိုယ်တိုင်လာရမယ်၊ စပယ်ယာ လုပ်ဖူးရမယ်၊ ပြစ်မှုကင်းရှင်းရမယ်ပေါ့နော်၊ အဲဒီအချက်တွေ ပြည့်စုံရင် စပယ်ယာတစ်ဦးရဲ့ သိသင့်သိထိုက်တဲ့ မေးခွန်းတွေမေးမြန်းတယ်၊ ဥပမာ ရှောင်ကြဉ်ရမယ့် အချက် ၁ဝ ချက်ထဲမှာဆို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ မတင်ရတာမျိုး၊ စိတ်ဝေဒနာသည်ကို မတင်ရတာမျိုး၊ ကုန်ပိုမတင်ရတာမျိုး စတဲ့ အချက်တွေ ပါဝင်တယ် ပေါ့နော်၊ ဒီနှစ်ထဲ ကုန်တင်ကား ပြေးဆွဲမှုတွေလည်း များလာ၊ စပယ်ယာလိုင်စင် မရှိသေးသူတွေလည်း များတော့ လာလျှောက်တဲ့သူတွေများတယ်”ဟု ကလေးခရိုင် ကညန ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က ဆိုသည်။

‘ခ’ လိုင်စင် ဖြေဆိုရာတွင်  အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆိုင်ကယ်လိုင်စင်(သို့)သင်မောင်း လိုင်စင်ရှိပါက မှတ်ပုံတင်မူရင်း/မိတ္တူ တစ်စောင်စီ၊ ဓာတ်ပုံ လေးပုံနှင့် အတူ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး စပယ်ယာ လိုင်စင် လျှောက်ထားသူသည် မှတ်ပုံတင် ပါရှိရမည်ဖြစ်ကာ ယခုနှစ်အတွင်း လစဉ် ‘ ခ ‘လိုင်စင် ဦးရေ ၁၅ဝနှင့် စပယ်ယာလိုင်စင် ၂၅ ဦးခန့် ပုံမှန် လျှောက်ထားမှု ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here