ရှူးဖိနပ်ဒီဇိုင်းနဲ့ တရုတ်လမ်းမတွေထက်က လျှပ်စစ်ကား

172

 

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်း မှုနဲ့ လေထုညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် သာမန်စက်သုံးဆီစွမ်းအင် သုံးကားတွေအစား ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ လျှပ်စစ်ကားတွေ အသုံးပြုကြဖို့ တွန်းအားပေးလျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်ဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ဘယ်လိုနိုင်ငံကိုမဆို တန်းတူယှဉ်နိုင်တဲ့ အနေအထားရောက်ရှိလာတာကတော့ အသေအချာပါပဲ။ ဒါပေမဲ့လည်း တခြားတစ်ဖက်မှာတော့ စီးပွားရေးအရှိန်အဟုန်နဲ့ မြင့်တက်လာသလို ဒီလိုဖြစ်လာစေဖို့ သဘာဝပတ်ဝန်းကျင်ကို အသုံးချခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း တရုတ်အာဏာပိုင်တွေက ဒီဇယ်၊ ဓာတ်ဆီကားတွေအစား ကာဗွန်ထုတ် လွှတ်မှုလုံးဝမရှိတဲ့ လျှပ်စစ်ကားတွေကို ပြောင်းလဲအသုံးပြုကြဖို့ စီမံကိန်း ချမှတ် ဆောင်ရွက်နေတာပါ။ Electric Car တွေ ပေါ်ပေါက်လာတာ ကာလအတန်ကြာနေပြီဖြစ်ပေမဲ့ ဈေးကွက်ထဲ အထိုက်အလျောက်ပေါက် ရောက်လာတာကတော့ သိပ်မကြာသေးပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်၊ တိတိကျကျဆိုရင် ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း တရုတ်နိုင်ငံ၊ အရှေ့ပိုင်းက Zhejiang ခရိုင်၊ Wenzhou မြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ Ao Kang ဖိနပ်ကုမ္ပဏီဟာ သူတို့ရဲ့ဖိနပ်တွေ ရောင်းအားမြင့်တက်လာစေရေးအတွက် ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ Leather ရှူးဖိနပ်ဒီဇိုင်းနဲ့ လျှပ်စစ်ကားတစ်စီးကို တည်ဆောက်ခဲ့ပါတယ်။ ထူးခြားတာက အရှည်ဆယ်ပေ၊ အမြင့်သုံးပေသာရှိတဲ့ Leather ရှူး ဖိနပ်ကားကို လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်နိုင်ဖို့ ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီ ရှူးဖိနပ်ကားကို လူနှစ်ယောက်စီးနင်းနိုင်ပြီး တစ်ခါအားသွင်းရင် မိုင် ၂၅၀ နှုန်းအထိ မောင်းနိုင်တဲ့ လျှပ်စစ်မိုတာတစ်လုံးကို ထိုင်ခုံတွေ အောက်မှာ တပ်ဆင်ထားပါတယ်။

တစ်နာရီ မိုင်သုံးဆယ်နှုန်းလောက်ပဲ မောင်းနိုင်တဲ့ အဆိုပါ ရှူး ဖိနပ်ကားကို တည်ဆောက်နိုင်ရေးအတွက် ခြောက်လလောက် အချိန် ယူခဲ့ရပြီး တန်ဖိုးအားဖြင့် ပေါင်လေးထောင်ကုန်ကျခဲ့တယ်လို့ Ao Kang ဖိနပ်ကုမ္ပဏီ ဥက္ကဋ္ဌ Wang Zhengtao က ပြောပါတယ်။ သူက ဒီလိုကားမျိုး အစီးလေးဆယ်အထိတည်ဆောက်ပြီး နိုင်ငံတစ်ဝန်းပရိုမိုးရှင်းပွဲတွေ ပြုလုပ်ရာမှာ အသုံးပြုသွားမယ်လို့ ဆိုဖူးပါတယ်။ အမေရိကန် သမ္မတဟောင်း အိုဘားမားကလည်း သူတာဝန်ထမ်း ဆောင်စဉ် ရှူးဖိနပ်ကားတစ်စီး အော်ဒါမှာခဲ့ဖူးပေမဲ့ ပွဲတက် Leather ရှူးဖိနပ်ပုံစံအစား ဂေါက်ရိုက်ရာမှာ ဝတ်တဲ့ Golf Shoe ဒီဇိုင်းတည်ဆောက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here