ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းနှင့်ပြည်နယ်များသို့ ထွက်ခွာခွင့် ယခုလ ၁၄ ရက်နေ့အထိ ခေတ္တရပ်နားထားရမည်

149

 

တောင်ကြီး၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များအနေဖြင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ ထွက်ခွာခွင့်ကို ယခုအောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

”ရှမ်းပြည်နယ်ပြင်ပ တခြားတိုင်းနဲ့ပြည်နယ်တွေကလာမယ့် ကုန်တင်ယာဉ်တွေတော့ ရှမ်းပြည်နယ်အတွင်းလာမယ်ဆိုရင် လာလို့ရတယ်၊ ဒါပေမဲ့ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော ကျန်းမာရေးဌာနက ထုတ်ပေးထားတဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း Covid-19 ရောဂါပိုးကင်းရှင်းကြောင်း (Negative) ထောက်ခံချက်ပါမှပဲ ၀င်ခွင့်ပြုမယ်၊ ရှမ်းပြည်နယ်အတွင်းရောက်ရှိနေတဲ့ ကုန်တင်ယာဉ်တွေကိုတော့ တခြားတိုင်းနဲ့ပြည်နယ်တွေဆီ ထွက်ခွာခွင့် နှစ်ပတ်တိတိ ခေတ္တရပ်နားခိုင်းထားတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် အချို့တိုင်းနှင့်ပြည်နယ်များတွင် ကုန်တင်ယာဉ်များအား တိုင်းနှင့်ပြည်နယ် ၀င်/ထွက်ဂိတ်များ၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်မောင်းနှင်စေရာမှ ယာဉ်များကြာမြင့်စွာရပ်တန့်ထားရပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကုန်တင်ယာဉ်များအား စံသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီက ညွှန်ကြားထားသည်။

ထို့ကြောင့် စက်တင်ဘာ ၃၀ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် Covid-19 နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကုန်တင်ယာဉ်များကို အခြားတိုင်းနှင့်ပြည်နယ်များသို့ ထွက်ခွာခွင့် ၁၄ ရက်တိတိ ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါညွှန်ကြားချက်တွင် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီအားလုံး အကျုံး၀င်မည့်အပြင် ၀၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့် စသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များထံသို့လည်း အကြောင်းကြားထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here