ရှမ်းပြည်နယ်တွင် ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပြန်လည်ခွင့်ပြု

97

 

​တောင်ကြီး၊ ​အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်တွင် ကုန်စည်စီးဆင်းမှုနှင့် လျင်မြန်စွာ ချောမွေ့လွယ်ကူစေရန်အတွက် Covid-19 ကာလတွင် ခရီးသည်တင်ဆောင်ပြေးဆွဲခြင်းမရှိဘဲ ကုန်စည်သယ်ယူပို့ဆောင်လျက်ရှိသော တင်အား ၁၇ ဦးနှင့်အထက် ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်ပို့ဆောင်မှုကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ကုန်စည်စီးဆင်းမှု လည်ပတ်နိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်း မပျောက်သွားစေဖို့ ရည်ရွယ်ပြီး ပြန်လည်ခွင့်ပြုလိုက်တာပါ” ဟု အဆိုပါကော်မတီမှ အဖွဲ့၀င်တစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မှန်လုံမော်တော်ယာဉ်များဖြင့် ကုန်စည်ပို့ခြင်းမပြုရန် အောက်တိုဘာ ၁၀ ရက်က ယာယီတားမြစ်ခဲ့ပြီး အများသဘောဆန္ဒအရ အောက်တိုဘာ ၁၅ ရက်မှစ၍ ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း အောက်တိုဘာ ၁၀ ရက်က တားမြစ်ထားသော ကုမ္ပဏီပိုင်ယာဉ်များဖြင့် စျေးကွက်မြှင့်တင်ရေးဆောင်ရွက်မှုများကို ဆက်လက်တားမြစ်ထားဦးမည်ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် ယခုအခါ ရှမ်းပြည်နယ်အတွင်း ၀င်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပြီး ပိုးမရှိကြောင်း Negative ဖြစ်မှသာ ၀င်ရောက်ခွင့်ပြုနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here