ရွေးကောက်ပွဲကာလ မန္တလေးတွင် ဆိုင်ကယ် Brand အစုံ ဝယ်လိုအား စံချိန်တင်နည်းပါး

109

 

မန္တလေး၊ နိုဝင်ဘာ ၁၂

၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ ဆိုင်ကယ် Brand အစုံ ဝယ်လိုအား စံချိန်တင်နည်းပါးလျက်ရှိကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ စုံစမ်းသိရသည်။

“ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်အလိုကတည်းက ဆိုင်ကယ်တွေမရောင်းရတာ ဒီနေ့အထိပဲ၊ ဒီကာလမှာတော့ အရောင်းအဝယ်တော်တော်အေးတယ်” ဟု ထိုင်းဆိုင်ကယ်များ ရောင်းချလျက်ရှိသော မန္တလေးမြို့ Auto 38 ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ထားသူ ကိုအောင်ရီစိုးက ပြောကြားသည်။

ယခင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပချိန်ကာလကလည်း ယင်းကဲ့သို့ အရောင်းအဝယ်စံချိန်တင်အေးမှု ဖြစ်ပေါ်ခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲကာလကဲ့သို့ ဆိုးရွားမှုမရှိကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပြောင်းလဲမှုများကို လေ့လာအာရုံစိုက်နားစွင့်သူများသဖြင့် ယခုကာလမျိုးတွင် ဆိုင်ကယ်ဝယ်ယူမှုမျိုးကဲ့သို့ ငွေသုံးစွဲသူ အလွန်နည်းပါးလေ့ရှိကာ ယခုနှစ် နိုဝင်ဘာလတွင်မူ ရွေးကောက်ပွဲကာလအပြင် Covid-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် စံချိန်တင်အရောင်းအေးနေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

” ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲကာလဆို အရောင်းအေးတယ်၊ ဒါပေမဲ့ ဒီနှစ်ကတော့ Covid-19 နဲ့ရောဆိုတော့ လုံးဝမရောင်းရသလောက်ဖြစ်သွားတာပေါ့၊ အခုဆို တစ်ရက်ကို တစ်စီးရောင်းထွက်ဖို့တောင် မလွယ်ကူတဲ့အနေအထားရောက်နေတယ်” ဟု တရုတ်ဆိုင်ကယ်မျိုးစုံ ရောင်းချလျက်ရှိသော မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံ မအိကျော်က ဆိုသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းပြခန်းပေါင်း နှစ်ရာခန့် ရှိသော်လည်း ယခုနိုဝင်ဘာလအတွင်း ဆိုင်ကယ် Brand အစုံမှာ လက်ငင်းရော အရစ်ကျစနစ်ဖြင့်ပါ ဝယ်ယူသူမရှိသလောက် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ၆၂ လမ်းပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းတစ်ခုအား Covid-19 ဒုတိယလှိုင်းမဖြစ်မီကာလက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here