ရောင်းကားများပြီး အဝယ်နည်းနေသည့်အတွက် အေးစက်နေဆဲဖြစ်သည့် ရန်ကုန်ကားစျေးကွက်

1240

နှစ်အစကတည်းက အေးစက်နေသော ကားစျေးကွက်သည် ဇန်နဝါရီလကုန်အထိတိုင် မလှုပ်ခတ်သေးဘဲ အေးစက်နေဆဲဖြစ်သည်။ ရောင်းကားများပြီး အဝယ်နည်းနေသည့်အချိန်တွင် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် လည်း ခြောက်ကပ်နေရာ အဝယ်ဆင်းမည့်အချိန်ကိုမျှော်နေရသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကားများကို အမြင့်စျေးဖြင့်ဝယ်ယူခဲ့ရ၍ ချမရောင်းချင်ကြသလို အဝယ်များကလည်း တက်စျေးဖြင့်ပေးပြီး မဝယ်လိုကြသဖြင့် အရောင်းအဝယ်အေးနေခြင်း ဖြစ်သည်။ ပုံမှန်စျေးအောက်ချရောင်းသည့် ၁၃ဝဝ စီစီကားများသာ အရောင်းအဝယ်အနည်းငယ်ဖြစ်ပြီး စလစ်ကပ် ကားများထဲတွင် ကျပ်သိန်း သုံးရာအောက် Toyota Wish ၊ Mark II (ရွှေငါး)၊  Toyota Caldina ကားများသာ ကြိုးကြားကြိုးကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

”ဒီရက်ပိုင်းမှာ ကားစျေးကွက်က အေးနေပါတယ်၊ အသစ်တင်သွင်းထားတဲ့ စတိနံပါတ်ကားတွေဆိုလည်း မေးတဲ့သူတောင်မရှိဘူး၊ အဝယ်တွေက စျေးကျမလားဆိုပြီး စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်က အေးနေတာပါ၊ ဒီနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒထွက်တဲ့အချိန်မှာ စျေးတက်မလားဆိုပြီး ကားတွေ ဝယ်စုထားတဲ့သူတွေကလည်း အဝယ်ပျောက်နေတဲ့အတွက် အရောင်းအဝယ် မဖြစ်တော့ပါဘူး၊ တချို့ အဝယ် တွေကလည်း Brand New ကားတွေဘက်ကို လှည့်သွားပါတယ်၊ ဂျပန်ကားဟောင်းစျေးကွက်ကတော့ ရောင်းတဲ့သူကလည်း ချမရောင်းချင်၊ ဝယ်တဲ့သူကလည်း စျေးမပေးဘဲ စောင့်ကြည့်နေကြတဲ့အတွက် အရောင်း အဝယ် အေးနေတာဖြစ်ပါတယ်၊ ဒီအချိန်မှာ ငွေမနိုင်လို့ ချရောင်းတဲ့သူတွေဆီက ကားတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ပါတယ်၊ နှစ်တိုင်းလိုလို ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ စျေးကွက်က အေးစက်နေတတ်ပြီး မတ်လလောက်ဆိုရင်တော့ အရောင်းအဝယ်တွေ ပြန်ကောင်းလာ နိုင်မယ်လို့ ထင်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုစိုင်းက ဆိုသည်။

 

ကားတင်သွင်းသူများကလည်း ယခုနှစ်မူဝါဒဖြင့် တင်သွင်း၍ရနိုင်သည့် ဘယ်မောင်းကားများကို ချိန်ဆနေကြသဖြင့် ကားတင်သွင်းမှုရပ်ဆိုင်းသွားပြီး ဂျပန်ညာမောင်းကားများကိုသာ အရောင်းအဝယ်ပြုလုပ်နေရသည်။  ဘယ်မောင်းကားများကို တင်သွင်းရန်အတွက် ဘယ်မောင်းအသုံးပြုသည့် နိုင်ငံများဖြစ်သော တရုတ်၊ ကိုရီးယား၊ ဒူဘိုင်းနှင့် ဥရောပနိုင်ငံများမှ ကားများ၏စျေးကွက်ကို စုံစမ်းနေကြသော်လည်း စျေးကွက်အေးစက်နေသောကြောင့် တင်သွင်းရန်အခက်တွေ့နေသည်။

 

”လက်ရှိ စျေးကွက်အခြေအနေနဲ့ ဘယ်မောင်းကားတွေကိုတင်သွင်းမယ်ဆိုရင် တွက်ခြေမကိုက်နိုင်ဘူး၊ ဘယ်မောင်းကားတွေ တင်သွင်းဖို့အတွက် ဒူဘိုင်းနဲ့ ဥရောပနိုင်ငံတွေက ကားတွေကို မှာယူရမှာဖြစ်ပြီး ဖရီးပါမစ်နဲ့ တင်သွင်းခွင့်ရဖို့အတွက် ၂ဝ၁၆ မိုဒယ်နဲ့အထက်ကို တင်သွင်းရမှာဖြစ်လို့ စျေးတွေက အသစ်နီးပါးအတိုင်း ဖြစ်သွားတယ်၊ တရုတ်၊ ကိုရီးယားကားတွေကလည်း ဒီမှာ လက်မခံကြသေးတဲ့အတွက် တင်သွင်းလို့မရဘူး၊ ဒါကြောင့်လည်း အခုအချိန်မှာ ပြည်တွင်းထုတ် SKD ကားတွေက စျေးကွက်အားကောင်းနေတာ ဖြစ်ပါတယ်၊ ၂ဝ၁၇ ပါမစ်နဲ့ လျှောက်ထားတဲ့ ကားတွေကလည်း စျေးကွက်ထဲမှာ အများကြီးရှိနေတဲ့ အတွက် ဒီကားတွေကုန်သွားမှသာ ဘယ်မောင်းကားသစ်တွေ ရောက်လာမှာဖြစ်ပါတယ်၊ အကောက်ခွန်ဦးစီးဌာနကလည်း မိုဒယ်လွဲကားတွေကို ဒဏ်ကြေးဖြေလျှော့ဖို့ မရှိတဲ့အတွက် ဘယ်မောင်းကားတွေ တင်သွင်းမယ်ဆိုရင် အမှားခံလို့မရတော့ဘဲ သေချာစစ်ဆေးပြီးမှ တင်သွင်းရမှာဖြစ်ပါ တယ်၊ လာမယ့်ဇွန်၊ ဇူလိုင်လလောက်အထိက ညာမောင်းကားတွေပဲ စျေးကွက်ကို ဦးဆောင်သွားဖို့ရှိပါတယ်”ဟု ‘ United Eleven Motor ‘ မန်နေဂျင်းဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

 

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်မှစ၍ အရောင်းအဝယ် အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြိုးကြားကြိုးကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃ဝဝ စီစီကားများ စျေးအနည်းငယ် ဆင်းသွားပြီး စလစ်ကပ်ကားများမှာ စျေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးစက်နေကြောင်း သိရသည်။

 

”အရောင်းအဝယ်အေးသွားတာ တစ်လလောက်ရှိပါပြီ၊ စလစ်ကပ်ကားရော ၁၃ဝဝ စီစီ ကားတွေပါ အရောင်းအဝယ်အေးနေပါတယ်၊ နှစ်မကုန်ခင်က နယ်လိုင်စင်ကားတွေ အရောင်းအဝယ်ဖြစ်ပေမဲ့ အခုအချိန်မှာ နယ်ကားတွေက ခပ်လှုပ်လှုပ်ဖြစ်နေတဲ့အတွက် အရောင်းအဝယ်ပြန်အေးသွားပါတယ်၊ ဒီနှစ်ရဲ့ပေါ်လစီအရ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရမှာဖြစ်ပေမဲ့ ညာမောင်းကားတွေကို ပိုပြီးအသားကျနေတဲ့အတွက် ဘယ်မောင်းကားစျေးကွက်က အားကောင်းလာဖို့မရှိသေးပါဘူး၊ ညာမောင်းကားတွေပဲ စျေးကွက်ကို ဆက်ပြီးဦးဆောင်ဖို့ရှိပါတယ်”ဟု ကားဝယ်/ရောင်း ကိုမျိုးမင်းသူက ဆိုသည်။

 

အပ်ကားစျေးကွက်သည် စျေးအတက်အကျမရှိဘဲ ငြိမ်နေပြီး နှစ် နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၁၂၂ သိန်း ဝန်းကျင်၊ တိုက်ကြေ စလစ်သည် ကျပ် ၁ဝ၈ သိန်းဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်သည် ကျပ် ၁ဝ၆ သိန်းဝန်းကျင်ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here