ရေပန်းစားသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

208

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Chevrolet Spark ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Chevrolet Spark မိုဒယ်ဆိုတာ …

ဒီတစ်ပတ်ဖော်ပြမယ့် ကားကတော့ အစိုးရရဲ့ ဘယ်မောင်းကား တင်သွင်းခွင့်မှာ ရေပန်းစားလူကြိုက်များပြီး Europe Brand တစ်ခုဖြစ်တဲ့ Chevrolet ရဲ့ Spark ဆိုတဲ့ Hatchback ကားလေးပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဆီစားသက်သာတဲ့ ကားအမျိုးအစားဖြစ်ပြီး ကားပါကင်ထိုး ရလည်း လွယ်ကူပါတယ်။ ၁၉၈၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိ အချိန်အထိ ရေပန်းစားလူကြိုက်များနေတဲ့ ကားတစ်စီးအဖြစ် ရပ်တည် နေတဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ရေပန်းစား လူကြိုက်များတဲ့ မိုဒယ်ကတော့ လက်ရှိကားပေါ်လစီအရ အများဆုံး တင်သွင်းလာတဲ့ ၂၀၁၈-၂၀၁၉ မိုဒယ်ပဲဖြစ်ပါတယ်။ အင်ဂျင်ကတော့ 1.0L , 1.4Lနှစ်မျိုးထုတ်လုပ်ထားပြီး 1.0L Turbo အင်ဂျင်ကို အများ ဆုံးတင်သွင်းကြတာပဲ ဖြစ်ပါတယ်။ အဲဒီကားတွေကို တောင်ကိုရီးယား ကနေ အများဆုံးတင်သွင်းပြီး Grade ကိုတော့ အကြမ်းအားဖြင့် LS , LT , LT+, LTZ, Premier Grade , MyFit Edition Grade ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Chevrolet Spark (၂၀၁၈-၂၀၁၉) မိုဒယ်မှာပါဝင်တဲ့ ရေပန်းစားလူကြိုက်များအချက်အလက်တွေကို ဖော် ပြမှာဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ ငါးရံ့ပေါက်လေးနဲ့တူတဲ့ ဒီဇိုင်း
Chevrolet Spark(၂၀၁၈-၂၀၁၉) မိုဒယ်ရဲ့ဒီဇိုင်းလေးကတော့ အရင် Generation တွေလိုမဟုတ်ဘဲ ကျစ်ကျစ်လျစ်လျစ်နဲ့ လှပနေပြီး အချိုးအဆစ်ကျတဲ့ ငါးရံ့ပေါက်လေးနဲ့ တူပါတယ်။ ကားရဲ့ပုံစံလေးမြင်တာ နဲ့ လိုချင်စဖွယ် ပုံစံလေးဖြစ်တာကတော့ သူ့ရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ် ပါတယ်။ အဝေးကနေမြင်လိုက်တာနဲ့ လှပပြီး အချိုးအဆစ်ကျတဲ့ ငါးရံ့ ကိုယ်လုံးလေးနဲ့ မိန်းမပျိုအလား ဆွဲဆောင်မှုရှိစေတဲ့အသွင်မျိုး အရှေ့ ကားခေါင်းကနေစပြီး ကားအနောက်ပိုင်းအထိကို လှပမှုရှိနေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ကားရဲ့အရှေ့အလယ်မှာတော့ ဂုဏ်ယူစရာကောင်းတဲ့ Chevrolet Logo ကို ရွှေရောင်နဲ့ ထည့်သွင်းပေးထားတဲ့အတွက် ချစ်စရာကောင်းတဲ့ ငါးရံ့ပေါက်လေးကို ပိုပြီးရေပန်းစားစေတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။

၂။ ကျယ်ကျယ်ဝန်းဝန်းရှိစေတဲ့ အတွင်းခန်း
Europe Brand ကားတစ်စီးဖြစ်တဲ့အတွက် ကားရဲ့အပြင်ဒီဇိုင်းကြည့်ပြီး အတွင်းခန်းကျဉ်း မယ်လို့ထင်ရင် မှားသွားမှာပါ။ ကားရဲ့အတွင်း တံခါးကို ဖွင့်ကြည့်လိုက်တာနဲ့ အတော်ကျယ် ဝန်းပြီး သက်သောင့်သက်သာရှိစေအောင် ပြုလုပ်ထားတာကတော့ ဒီကားလေးကို လူကြိုက်များစေပါတယ်။

၃။ တာယာလေပေါင်ချိန်သတိပေးစနစ်
Chevrolet Spark (၂၀၁၈-၂၀၁၉) ကားလေးမှာ ထင်မှတ်မထားရအောင် ထည့် သွင်းပေးထားတဲ့စနစ်တစ်ခု ရှိပါတယ်။ တန်ဖိုး ကြီး ကားတွေမှာပဲ ထည့်သွင်းပေးလေ့ရှိတဲ့ TPMS Alarm စနစ်ကို ှစမေု လို တန်ဖိုးသင့် နခသ ဃျေူ ကားလေးမှာ ထည့်သွင်းပေးထားတာပါ။ ဒါကြောင့် Chevrolet Spark (၂၀၁၈-၂၀၁၉) ကားလေးက Safety ပိုင်းနဲ့ပတ်သက်ပြီး အားရကျေနပ်စရာရေပန်းစားတဲ့ ပါဝင်မှုပဲဖြစ်ပါတယ်။

၄။ Engine Oil Sensor
Chevrolet Spark (၂၀၁၈-၂၀၁၉) ကားလေးရဲ့ နောက်ထပ်ထူးခြား မှုကတော့ ပုံမှန် Hatchback ကားတွေနဲ့မတူဘဲ ကားရဲ့အင်ဂျင်ဝိုင် အရည်အသွေးကို ရာခိုင်နှုန်းနဲ့ပြသပေးတဲ့ Sensor စနစ် ထည့်သွင်းပေးထားပြီး ကားမောင်းသူ ရှေ့ဒိုင်ခွက်ရဲ့ Digital LCD Display မှာ စစ် ဆေးကြည့်ရှုနိုင်တာကလည်း Chevrolet ကားတွေရဲ့ နှစ်သက်စရာ ရေပန်းစားတဲ့ပါဝင်မှုတစ်ခုပဲဖြစ်ပါတယ်။

၅။ Leather Seat
LT , LT+ , LTZ , PREMIER , MyFit Edition စတဲ့ Grade အမြင့်ကားအများစုမှာတော့ Eco-Class Hatchback ကားတစ်စီးနဲ့ မလိုက်ဖက်အောင် ကားရဲ့ ထိုင်ခုံတွေအားလုံးကို Leather Seat တွေ ထည့်သွင်းပေးပြီး ပါဝင် လာတာကို တွေ့ရပါတယ်။ ဒီလိုပါဝင်တဲ့ Grade အများစုကတော့ ရောင်းသူ/ဝယ်သူအကြား ရေပန်းစားစေတာကြောင့် ပုံမှန်ရှမွိုင်းခုံတွေ ထက်ဈေးပိုပေးပြီး ရောင်း/ဝယ်ရတာပဲ ဖြစ်ပါတယ်။

၆။BLIND SPOT DETECTION
Chevrolet Spark (၂၀၁၈-၂၀၁၉) လို Eco Class Hatchback ကားလေးမှာ ထူးခြားချက်ကတော့ Grade မြင့်တွေမှာ ထင်မှတ်မထားတဲ့ ပါဝင်မှုဖြစ်တဲ့ Blind Spot Detection (ကားနောက်ကွယ်မှ ကပ်ပါ လာသည့်အခါ အချက်ပေးစနစ်)ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစနစ်ထည့်သွင်းပေးထားတဲ့ LTZ ၊ Premier Grade တွေကို ရောင်း သူ/ဝယ်သူကြားမှာ Blind Spot ပါလားဆိုတဲ့ အသုံးအနှုန်းလေးကလည်း ရေပန်းစားတာပဲဖြစ်ပါတယ်။

၇။ ထင်မှတ်မထားတဲ့ အင်ဂျင်ရဲ့အရုန်းအဆွဲ
Chevrolet Spark(၂၀၁၈-၂၀၁၉) ရဲ့အင်ဂျင်ကို 1.0L Turbo အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ ပုံမှန်အားဖြင့် 1.0L အင်ဂျင်ဆိုရင် အဲကွန်းမနိုင်မှာရယ်၊ အရုန်းအဆွဲမကောင်းမှာရယ် စိုးရိမ်ရပါတယ်။ အခု ကားလေးမှာတော့ Chevrolet Spark (၂၀၁၈-၂၀၁၉) ရဲ့ နည်းပညာမြင့် တဲ့အင်ဂျင်ဖြစ်တဲ့အတွက် ထင်မှတ်မထားရတဲ့ အရုန်းအဆွဲနဲ့ အဲကွန်းဖွင့် ထားတဲ့အချိန်မှာတောင် အင်ဂျင်တုန်ခါမှုမရှိဘဲ နိုင်နင်းတာကို တွေ့ရပါ တယ်။ ဒီလိုကောင်းမွန်တဲ့ Engine Performance ကြောင့် (၂၀၂၀) ကားတင်သွင်းမှုဈေးကွက်မှာ ရေပန်းစားလူ ကြိုက်များလာတာပဲ ဖြစ်ပါ တယ်။

၈။ Comfort Suspension
Chevrolet Spark (၂၀၁၈-၂၀၁၉) ဟာ Hatchback ကားလေး ဖြစ်တာနဲ့အညီ ကားရဲ့ပုံစံဒီဇိုင်းကြောင့် ခုန်မယ်လို့ထင်တဲ့ ခံစားမှုက ဒီကားလေးကို မောင်းလိုက်တဲ့အခါမှာ ပုံမှန်ကားသေးလေးတွေလို အရမ်း ကြီးခုန်မနေဘဲ Hatchback ကားထဲမှာ တော်တော်ကောင်းမွန်တဲ့ အောက်ပိုင်းတည်ဆောက်မှု ဖြစ်နေပါတယ်။ Chevrolet Spark (၂၀၁၈-၂၀၁၉) ရဲ့အောက်ပိုင်းငြိမ့်ညောင်းမှုကြောင့် ၂၀၂၀ ပြည့်နှစ်ရဲ့ Hatchback ကားတင်သွင်းမှုမှာ အများဆုံး ရေပန်းစားတင်သွင်းလာကြတာပဲ ဖြစ်ပါ တယ်။

၉။ မိုဒယ်မြင့်ပြီး ဈေးနှုန်းသင့်တော်ခြင်း
Chevrolet Spark (၂၀၁၈-၂၀၁၉) ကို ဝယ်ယူမယ်ဆိုရင် အစိုးရ ရဲ့ ဘယ်မောင်းတင်သွင်းခွင့်ပေါ်လစီထဲမှာ Hatchback အုပ်စု ဝင်လည်းဖြစ်ပြီး ဈေးနှုန်းကလည်း ကျပ်သိန်း ၁၅၀ ကနေ ၂၃၀ ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ မိုဒယ်ကလည်း ၂၀၁၈-၂၀၁၉ ဖြစ်သွားတဲ့အတွက် မိုဒယ်လည်းမြင့် Europe Brand တစ်ခုလည်းဖြစ်လို့ ၂၀၂၀ ပြည့်နှစ်ရဲ့ ကားတင်သွင်းမှုမှာတော့ လူတိုင်းပါးစပ်ဖျားမှာ စပက်ဆိုပြီး ရေပန်းစား လူကြိုက်များလာတာပါ။
Chevrolet Spark (၂၀၁၈-၂၀၁၉)ကို Hatchback ထဲမှာ Europe Brand ဖြစ်ခြင်း၊ ချစ်စရာကောင်းတဲ့ ငါးရံ့ပေါက်လေးနဲ့တူခြင်း၊ မိုဒယ်မြင့်ခြင်း၊ Feature စုံလင်ခြင်း၊ မောင်းနှင်ရပေါ့ပါးခြင်း၊ ဆီစား သက်သာပြီး ထင်မှတ်မထားတဲ့ အရုန်းအဆွဲကိုရရှိခြင်း၊ ဈေးနှုန်း သက် သာစွာ ဝယ်ယူနိုင်ခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Hatchback ကားတစ်စီးအဖြစ် ရွေးချယ်လာကြတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများမှာ ဘယ်ကား အမျိုးအစားက ဘယ်လိုရေပန်းစား လူကြိုက်များတဲ့ စနစ်တွေပါဝင်တယ် ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here