ရေနစ်မြုပ်သော ကားများကို စစ်ဆေးပြုပြင်ခြင်း

214
Page(Test)

မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံသော ဒေသ အတော်အများများတွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ မီးစက်များ၊ ထော်လာဂျီများစသော ယာဉ်နှင့် စက်ယန္တရားများ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။ ရေကြီးသောဒေသ များတွင် ရေများ ပြန်ကျသွားသော်လည်း ရွံ့နွံ့များ တင်ကျန်ခဲ့သဖြင့် နွံနစ် နေသော ကားများကို ကုန်းမြင့်နေရာသို့ ဆွဲထုတ်ရပါမည်။ ပေကျံနေသော ရွံနွံ့များကို ရေဆေးသန့်ရှင်းပါ။

ရေမြုပ်ထားသောကားကို ပထမဆုံး ဆေးကြောသန့်ရှင်းပါ။ ကားစက်ဖုံး၊ ကားတံခါးများဖွင့်လျှင် ခိုအောင်းနေသော အဆိပ်ပြင်းမြွေများ၊ အင်းဆက်ပိုးမွားများနှင့် အခြားတိရစ္ဆာန်များကို အထူးသတိထားပါ။ ရွံ့နွံ များဖြင့် ညစ်ပေနေသော ရေနစ်မြုပ်ကားကို ဆေးကြောသန့်ရှင်းပြီး ကျွမ်းကျင်သော မက္ကင်းနစ်စက်ဆရာတစ်ဦး အကူအညီဖြင့် စစ်ဆေးပါ။ စစ်ဆေး တွေ့ရှိချက်၊ ချွတ်ယွင်းအားနည်းချက်များကို မှတ်သား၍ စာရင်းပြုစုပါ။ ပြန်လည်ပြုပြင်၍ရသော အပိုင်းကို ပြုပြင်ပြီး ပြန်ပြင်၍မရသော အစိတ်အပိုင်းများကို အစားထိုး အသစ်လဲလှယ်ပါ။

အင်ဂျင်စက်ဖုံးလှန်၍ စစ်ဆေးမှုမလုပ်မီ ကားစက်ကို လုံးဝမနှိုးပါ နှင့်။ အင်ဂျင်ထဲကို ရေဝင်ထား၍ လုံးဝ ပျက်စီးသွားနိုင်သည်ကို သတိပြု ပါ။ အင်ဂျင်ဝိုင် Level ကို တိုင်းကြည့်ပါ။ ပုံမှန်ထက် ဆီ Level မြင့်နေပါက အင်ဂျင်ဝိုင်အောက်ခြေတွင် ရေများရှိနေ၍ ဆီ Level မြင့်တက် သွားခြင်းဖြစ်သည်။ အင်ဂျင်ဝိုင် နှင့် ရေ ရောနှောသွားလျှင် အင်ဂျင်ဝိုင် အရောင်ပြောင်းလဲသွားပြီး ချောဆီ၏ အရည်အသွေးကို ကျဆင်းစေသည်။

ရေကြီးသောလမ်းတွင် ကားဖြတ်မောင်းစဉ်  Air Cleaner မှ ရေဝင်ပြီး အင်ဂျင်ထဲရောက်သွားပါက ချက်ချင်းစက်သေ၍ ထိုးရပ်သွားနိုင်ပါသည်။ အင်ဂျင်ထဲရေဝင်ပြီး စက်ထိုးရပ်သွားခြင်းကို Hydro-lock ကျသည်ဟု ခေါ်ပါသည်။ Hydro-lock ကျခြင်းဆိုသည်မှာ Inlet Valve မှ ရေနှင့်လေ ရောဝင်သွားပြီး Compression Stroke ၌ ရေက တောင့်ခံနေခြင်းကြောင့် ကရိုင်းရှပ် မလည်တော့ဘဲ ဆောင့်ရပ်သွားခြင်းမျိုး ဖြစ်သည်။ ကံမကောင်းလျှင် Connecting Rod ကောက်ခြင်း၊ ကရိုင်းရှပ် ကျိုးခြင်း များအထိ ပျက်စီးနိုင်ပါသည်။

အင်ဂျင် Head တွင် တပ်ဆင်ထားသည့် Plug အားလုံးကို ဖြုတ်ချ ပြီး အင်ဂျင်ကို လက်နှင့်လှည့်ပေးပါ။ အင်ဂျင် ဆလင်ဒါထဲဝင်နေသည့် ရေနှင့် အညစ်အကြေးများ Plug အပေါက်မှတစ်ဆင့် ထွက်လာပါလိမ့်မည်။ Compression Stoke အဆုံးတွင် ဆလင်ဒါ၊ ပစ္စတင်တိုင်းကို လေ ဖိအားပြင်းပြင်းနှင့် မှုတ်ထုတ်ပေးပါ။ Exhaust Stoke အဆုံး၌လည်း အဝင်ဗား၊ အထွက်ဗား နှစ်မျိုးစလုံးပွင့်နေသည့် Valve Overlap ဖြစ်သောအချိန်တွင်လည်း ပလပ်ဖြုတ်ထားသည့် အပေါက်ကို လေပြင်းပြင်း မှုတ်သွင်းလိုက်လျှင် အင်ဂျင်ထဲဝင်နေသည့် ရေနှင့်အနယ်အနှစ်များ သန့်ရှင်းသွားပါလိမ့်မည်။
အင်ဂျင်စက်ပြန်နှိုးနိုင်သည့် အဆင့်ရောက်စေရန် စစ်ဆေးစရာနှင့် ပြုပြင်စရာများ ကျန်ပါသေးသည်။ ကရိုင်းပူလီထိပ်ကို လက်နှင့် လှည့်ကြည့် ပြီး အဆင်ပြေသည်ဆိုပါက အင်ဂျင်အပိုင်း သိပ်စစ်စရာ မလိုတော့ပေ။ မီးပေးစနစ်၊ စက်နှိုးမိုတာစနစ်များ စစ်ဆေးရန် ကျန်ပါသေးသည်။ လျှပ်စစ် ပိုင်းဆိုင်ရာများ စစ်ဆေးရန် ဝါယာရင်းဖျု့စ်နှင့် Relay Box များ၌ ရေ ဝင်နေနိုင်ပါသည်။ ဝါယာကြိုးအထုပ်ထဲတွင် ရေဝင်နေနိုင်ပါသည်။ ထို ရေများခြောက်စေရန် Hair Dryer နှင့် လေပူမှုတ်ထုတ်ပြီး သန့်ရှင်းပါ။ အဝတ်ခြောက်နှင့် သုတ်ပါ။

ဒိုင်နမို မိုတာများ ဖြုတ်၍ စစ်ဆေးရန် လိုပါသည်။ မီးပေးစနစ်သည် ကွိုင်-ဒစ်စတြီဗျူတာ အမျိုးအစားဆိုပါက ပြသနာသိပ်မရှိချေ။ ရေစိုနေ သည်များ ခြောက်စေပြီးနောက် စမ်းသပ်ပါ။ ခေတ်ပေါ်ကားများတွင် သုံး သည့် ကွန်ပျူတာစနစ်ဆိုလျှင် ကွန်ပျူတာကောင်း/မကောင်း စစ်ဆေးဖို့ လိုပါသည်။ EFI စနစ်ဆိုလျှင်လည်း ဆီပန့်၊ ဆီစစ်ဘူး၊ Pressure Regulator ၊ Injector များအားလုံး စစ်ဆေးဖို့ လိုပါသည်။ ဆီတိုင်ကီ အဖုံး မလုံလျှင်တော့ ရေဝင်နိုင်ပါသည်။ ဆီတိုင်ကီချက်ပေါက်ကိုဖွင့်ပြီး ဆီထဲတွင် ရေရှိ/မရှိ စစ်ဆေးပါ။ ကာဗရိုက်တာ ဖြုတ်ဆေးရပါမည်။
အင်ဂျင်အပိုင်းပြီးသွားလျှင် ဘရိတ်စနစ်ပါ ဘရိတ်ရှူးများ၊ ဘရိတ် လိုင်နာများ ရေစိုသွားသည့်အတွက် ဖြုတ်ပြီးစစ်ဆေးပါ။ ဘရိတ်ရှူးလိုင် နာများ ရေခြောက်စေရန် အပူပေးပါ။ ဘရိတ်စနစ်တစ်လုံးကို ဆားဗစ် ပြန်လုပ်ပါ။ Manual Gear သုံးကားများတွင် ကလပ်အုံနှင့် ကလပ်ပလိတ် များ ရေစိုရေဝင်ပြီး ပျက်စီးနိုင်ပါသည်။ ကလပ်ပလိတ်ရေစိုနေလျှင် ကလပ် ချော်နိုင်ပါသည်။ ကလပ်ပလိတ်ကို ခြောက်အောင် အပူပေးပါ။ ကလပ် အပေါ်ဆုံ၊ အောက်ဆုံ ထိုးတံများ ပြန်ချိန်ပါ။ ကလပ်အုံ ဖြုတ်လက်စနှင့် ဂီယာဘောက်စ်ကိုပါ စစ်ဆေးပါ။ ကလပ်စနစ်တစ်ခုလုံး ဆားဗစ် ပြန်လုပ်ပါ။

ဘရိတ်စနစ်တွင် တွဲဖက်သုံးသော ဆာဗိုယူနစ်တွင်လည်း ရေများ ဝင်ရောက်နိုင်၍ စစ်ဆေးကြည့်ရန်လိုပါသည်။ Exhaust စနစ်မှ Catalytics Converter နှင့် အိပ်ဇောဘူးများတွင် ဝင်နေသောရေနှင့် ရွံ့နွံ့ များကို ဆေးကြောသန့်ရှင်းပါ။ ရေတိုင်ကီ လေအေးဝင်ပေါက်များတွင် ရွွံ့နွံ အနှစ်တင်နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ညစ်ပေနေပါက ရေဆေးသန့် ရှင်းပေးပါ။ လျှပ်စစ် Fan ထဲတွင်လည်း ရေဝင်နိုင်ပါသည်။ အခြောက် ခံပြီး ကောင်း/မကောင်းစစ်ဆေးပါ။

Air Cleaner အသစ်လဲလိုက်ပါ။ Intake Manifold အဝင် ပိုက် လိုင်းတစ်လျှောက် အတွင်းပိုင်းတွင်ရှိနေသော ရွံ့နွံအမှိုက်များကို ရှင်း လင်းပါ။ အင်ဂျင်ခန်းတစ်ခုလုံး ဆေးကြောသန့်ရှင်းပါ။ အရေးကြီးသော ကားဘက်ထရီကျန်ပါသေးသည်။ ရေနစ်မြုပ်ခဲ့ပါက ဘက်ထရီ သက်တမ်း ရှိသေးလျှင် ဘက်ထရီဆိုင်ပို့၍ ဘက်ထရီကို အက်ဆစ်အသစ်လဲပြီး အားပြန်သွင်းထားပါ။ ပြုပြင်စရာရှိတာတွေ အားလုံးကို ပြုပြင်ပြီးသွား ချိန်မှာ ဘက်ထရီ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

ကာဟွန်း၊ ဝိုက်ပါမိုတာ၊ ပါဝါဝင်းဒိုး မိုတာတွေ၊ ထိုင်ခုံမို တာတွေထဲကိုလည်း ရေတွေဝင်ပြီး ဒုက္ခပေးနိုင်ပါသည်။ နောက်ကြည့် မှန်တွင် ပါဝါမိုတာပါခဲ့လျှင် စစ်ဆေးရန် လိုပါသည်။ ကားဝါယာရင်းမက္ကင်း နစ်ဆရာနှင့် တိုင်ပင်ပါ။ မီးကြီး၊ အချက်ပြမီး၊ ဆိုင်းလင့်မီး၊ နှင်းခွဲမီး၊ ဘရိတ်မီး၊ Back မီးတွေအားလုံးမှာ ရေတွေဝင်နေနိုင်ပါတယ်။ မီးခလုတ် များ၊ Relay ဘူးများတွင်လည်း ရေဝင်နိုင်သဖြင့် စစ်ဆေးပြီး ခြောက် သွေ့အောင် အပူပေးပါ။ မီးခွက်အတွင်းပိုင်းအထိ ရေများဝင်ရောက်၍ ခိုအောင်းကျန်နေနိုင်ပါသည်။ ကားဒတ်ချ်ဘုတ် အတွင်းပိုင်းကိုလည်း သေချာစစ်ဆေးပါ။ ရေများခြောက်သွေ့အောင် အပူပေးပါ။

ကားရေနစ်မြုပ်ခံရသော အချိန်ကာလမကြာလျှင် ပြသနာမရှိ သော်လည်း ရေမြုပ်ချိန် ရက်ကြာသွားလျှင် Hub ဘောလ်များ၊ ကရောင်း ဂီယာအုံများအထဲသို့ ရေများဝင်နိုင်သည်။ ကရောင်းအုံမှ ဂီယာဝိုင်ဖောက် ချသော ပလပ်ပေါက်ကို အနည်းငယ်ဖွင့်၍ ဂီယာဝိုင်အခြေအနေကို စစ် ဆေးပါ။ ရေဝင်နေသော လက္ခဏတွေ့ပါက ကရောင်းဂီယာဝိုင်များဖောက် ချပြီး ကရောင်းဂီယာဝို်င်အသစ်ကို ထပ်မံဖြည့်သွင်းပါ။ ထိုနည်းတူ Hub ဘောလ်တွေကိုလည်း စစ်ဆေးပါ။ ရေဝင်နေပါက ဆေးကြောသန့်ရှင်းပြီး အမဲဆီ အသစ်ပြန်ထည့်ပေးပါ။ Oil Seal နှင့် Hub ဘောလ်အဖုံးလုံလျှင် ရေမဝင်နိုင်ပါ။

ပါဝါစတီယာရင် စနစ်တွင် ပါဝါဆီများဖောက်ချပြီး ဆီအသစ် လဲလှယ်ပေးပါ။ Electrical Power Steering စနစ်သုံး ကားများတွင် စတီ ယာရင်ကော်လံအတွင်း၌ စတီယာရင် Wheel ချိုးကွေ့ခြင်းကို အာရုံ ခံပေးသော ဆင်ဆာများရှိပါသည်။ စတီယာရင် ကော်လံတစ်လျှောက် ရေများဝင်နေပါက အီလက်ထရွန်နစ်ပစ္စည်းများ အလုပ်မလုပ်နိုင်တော့ပါ။ စတီယာရင်ကော်လံအုံတစ်ခုလုံး ရေများ ခြောက်သွေ့သွားအောင် အပူ ပေးရပါမည်။ Heat Blower ၊ သို့မဟုတ် Hair Dryer ဖြင့် လေပူများ မှုတ်ပေးရပါမည်။

ကားတစ်စီးလုံး ရေဝင်နစ်မြုပ်သဖြင့် ကားအတွင်းပိုင်း Interior Fittingsပစ္စည်းများ၊ ကြမ်းခင်းပြားများ၊ ထိုင်ခုံများ၊ တံခါး Side ကာဗာများကြားတွင် ရေစိုနေပါသည်။ ကားအတွင်းပိုင်းတွင် ညစ်ပေနေ သော ရွံ့နွံများကိုဆေးကြောပါ။ ထိုင်ခုံများအားလုံး ဖြုတ်ချပါ။ ကြမ်းခင်း ပြားအားလုံး လှန်ပစ်ပါ။ ရေဝင်သောရက်ကြာလာလျှင် ကားအတွင်းခန်း တွင် အနံ့အသက်များ မကောင်းတော့ပါ။ အားလုံးခြောက်သွေ့သွားအောင် နေလှန်းပါ။ နေမပူပါက အပူပေးမီးကင်ပါ။ Heat Blower ဖြင့် အခြောက် ခံပါ။ ကားအတွင်းပိုင်းသံထည်ပစ္စည်းအချို့သည် မူလကတည်းက ဆေး မမှုတ်ထား၍ ရေကြောင့် သံချေးတက်နိုင်သည်။ သံချေးတက်သောအပိုင်း ကို ကော်ပတ်စားသန့်ရှင်းပြီး ခံဆေးတစ်ထပ် မှုတ်ပေးပါ။

ကားအတွင်းပိုင်း Aircon Blower မိုတာများ၊ လေစစ်များ ရေဝင် နိုင်ပါသည်။ Aircon ဆားဗစ်ကျွမ်းကျင်သူနှင့် ဆားဗစ်စင်ပြန်လုပ်ပါ။ ထိုင်ခုံခါးပတ်(Safety Belt)စနစ်၊ လေအိတ်(Airbag)စနစ်များလည်း ရေဝင်၍ ပျက်စီးထိခိုက်နိုင်ပါသည်။ ထိုင်ခုံခါးပတ် Retractor များ စစ်ဆေး၍ အသစ်တစ်လုံး အစားထိုးလဲလှယ်ရပါမည်။ ရေနစ်မြုပ်ခံရသော ကားတစ်စီးသည် စနစ်အားလုံးကိုထိခိုက်စေနိုင်သဖြင့် အားလုံးကိုစစ်ဆေး ပြုပြင်ပြီးမှသာ ဘေးကင်းလုံခြုံစိတ်ချစွာ ပြန်လည်အသုံးပြုနိုင်ပါသည်။

အလုံးစုံမော်တော်ယာဉ် အာမခံထားသည့် ပိုင်ရှင်များအနေဖြင့်လည်း ကားမပြုပြင်မီ သက်ဆိုင်ရာအာမခံကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးပါ။ သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းဖြစ်၍ မော်တော်ယာဉ်  အလုံးစုံ အာမခံထားသော ယာဉ်ပိုင်ရှင်များ အာမခံလျော်ကြေး ရနိုင်ပါသည်။

စက်မှုအင်ဂျင်နီယာတစ်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here