ရုံးတက်/ရုံးဆင်းချိန်များတွင် ခရီး သည်များ အဆင်ပြေစေရန် Water Bus ကို အချိန်ပြောင်းလဲ ပြေးဆွဲ ပေးနေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။
ယခင်က Water Bus ပြေးဆွဲရာတွင် တစ်စီးနှင့်တစ်စီး အချိန် ကွာခြားမှုကြောင့် ရုံးတက်/ရုံးဆင်းချိန်များ၌ ခရီးသည်များအဆင်မပြေဖြစ်ခဲ့သည့်အတွက် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ အချိန်များ ပြောင်းလဲ ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။
”အရင်က Water Bus တစ်စီးနဲ့တစ်စီးပြေးဆွဲချိန် ကွာခြားချက် မညီမျှတာကြောင့် အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ အဆင်မပြေတာတွေရှိတယ်၊ ဒါကြောင့် ရုံးတက်/ရုံးဆင်းချိန်တွေမှာ မိနစ်သုံးဆယ် တစ်စီး ပုံမှန်ပြေးဆွဲပေးမယ်၊ ခရီးစဉ်ကိုလည်း ပိုမြန်အောင်စီစဉ် ပေးထားတယ်၊ ရုံးပိတ်ချိန်တွေကတော့ ပုံမှန်အချိန်အတိုင်းပဲပြေးဆွဲ ပေးသွားမှာပါ”ဟု တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင် Water Bus ပြေးဆွဲ ချိန်များကို နံနက်ပိုင်းတွင် ခြောက်နာရီခွဲ၊ ကိုးနာရီ၊ ၉ နာရီ ၄ဝ မိနစ် စသည်ဖြင့် အချိန်သတ်မှတ် ပြေးဆွဲပေးခဲ့ရာ ယခု နံနက်ပိုင်း ခြောက်နာရီခွဲ၊ ခုနစ်နာရီ၊ ရှစ်နာရီနှင့် ရှစ်နာရီခွဲ သတ်မှတ်၍ အချိန်ပြောင်းလဲ ပြေးဆွဲပေးနေပြီး ညနေပိုင်းတွင်လည်း ယခင် ၄ နာရီ ၁ဝ မိနစ်၊ ၅ နာရီ ၄ဝ အစား လေးနာရီခွဲနှင့် ငါးနာရီ သတ်မှတ်ပြောင်းလဲပြေး ဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်ကြောင်း တစ်လျှောက် Water Bus ပြေးဆွဲခြင်း လုပ်ငန်း စတင်လုပ်ကိုင်ခွင့်ကို ၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ပထမဆုံးခရီးစဉ်ဖြစ်သည့် ဗိုလ်တထောင်မှ အင်းစိန်ခရီးစဉ်ကို သြဂုတ်လအတွင်း စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
Water Bus ဒုတိယ လမ်းကြောင်းကို ဗိုလ်တထောင်မှ မြောက်ဒဂုံအထိ ငမိုးရိပ်ချောင်း တစ်လျှောက်ပြေးဆွဲရန် လျာထားပြီး ယင်းလမ်းကြောင်းအတွက် ဆိပ်ကမ်းတည်ဆောက်ရန် စမ်းသပ်လေ့လာမှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့နိုင်ရန် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် ခရီးသည်တင် Water Bus ပြေးဆွဲရန် တင်ဒါခေါ်ယူခဲ့ရာ တင့်တင့် မြန်မာကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် နှစ်နှစ် ဆယ်ရရှိထားကြောင်း ‘တင့်တင့် မြန်မာ ကုမ္ပဏီလီမီတက်’ CEO ဒေါ်တင့်တင့်လွင်က ပြောသည်။
ကြည်ပြာ