ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ Audi က ပထမဆုံးတီထွင်ဖန်တီးပေးခဲ့တဲ့ Audi RSQ

1155

ဂျာမန်ကားကုမ္ပဏီ Audi ဟာ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာ ထည့်သွင်းအသုံးပြုဖို့ ပထမဆုံးကားကို ၂ဝဝ၄ ခုနှစ်တုန်းက အထူးတီထွင်ဖန်တီးပေးခဲ့ဖူးပါတယ်။ ၂ဝ၃၅ ခုနှစ်ကို အခြေတည်ထားပြီး နာမည်ကျော်လူမည်းမင်းသား ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ထားတဲ့ I,ROBOT ရုပ်ရှင်အတွက် Audi က ဒီဇိုင်းထုတ်ပေးခဲ့တဲ့ ကားအမည်က Audi RSQ ပါ။ ဖင်လျှောပြိုင်ကားပုံစံဖြစ်တဲ့ Audi RSQ ကို ဒါရိုက်တာ Alex Proyas အလိုရှိတဲ့ အထူးပြုလုပ်ချက်တွေပါအောင် အင်ဂျင်နီယာ၊ ဒီဇိုင်နာနဲ့ နည်းပညာအဖွဲ့က ရက်သတ္တပတ် ၁ဝ ပတ်အတွင်း အပြီးသတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Audi RSQ ခေါင်းပိုင်းမှာ ကုမ္ပဏီလိုဂို တပ်ထားတဲ့ ရှေ့ဘမ်ပါရှဲလ်က Trapezodial ‘Audi Single-Frame Grille’ ဖြစ်ပြီး Xenon ရှေ့မီးအုံနဲ့ အင်ဂျင်ခန်းလေဝင်ပေါက်တို့ကို သိသာအောင် ပေါင်းစပ်ဖန်တီးထားတာပါ။ ကားကိုယ်ထည်အရောင်က ပြာ လဲ့လဲ့ငွေရောင်ဖြစ်ပေမဲ့ Flop Effect ပါတာကြောင့် စူးရှတဲ့အလင်းရောင်အောက်မှာ ရွှေရောင်ပြောင်းသွားမှာဖြစ်ပါတယ်။ ဖိုင်ဘာဂလက်စ် ကိုယ်ထည်နဲ့ Audi RSQ မှာ တခြားဖင်လျှောပြိုင်ကားအများစုမှာ ပါဝင်နေကျ နောက်ပြတင်းပေါက်ကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ Audi RSQ ရဲ့ ကားတံခါးက အပေါ်လှန်ဖွင့်ရတဲ့ လိပ်ပြာတောင်ပံ တံခါးမျိုးဖြစ်ပြီး သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ် အရှိန်နှုန်းရဖို့ လေးစက္ကန့်ပဲ ကြာမြင့်ပါတယ်။

Audi RSQ ရဲ့ အထူးခြားဆုံးအစိတ်အပိုင်းက ကားဘီးဖြစ်ပြီး ပုံမှန်လိုမဟုတ်ဘဲ စက်လုံးပုံဘီးတွေ(Sphere Wheels)တပ်ထားတာပါ။ ဒါပေမဲ့ ရိုးရိုး Wheel Arches နဲ့ ဆင်တူအောင် ဖန်တီးထားလို့ ရုတ်တရက်ကြည့်ရင် မသိသာပါဘူး။ Audi RSQ ဟာ ထူးခြားတဲ့ ဘီးတွေကြောင့် သာမန်အတိုင်း ရှေ့/နောက်မောင်းလို့ရတဲ့အပြင် ပတ်ပတ်လည် မောင်းနိုင်စွမ်းလည်းရှိပါတယ်။ ထိုင်ခုံနှစ်ခုံပါတဲ့ Audi RSQ အတွင်းခန်း ကို ဂျက်လေယာဉ်ခေါင်းခန်းလို ပြုလုပ်ပေးထားပြီး ထိုင်ခုံပုံစံက Bucket Seat ပါ။ စတီယာရင်လက်ကိုင်က အပေါ်ဘက်မှာဖွင့်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး မောင်းသူက ကားထဲဝင်လာမှ အချက်ပြဒိုင်ခွက်အောက်က ထွက်လာမှာဖြစ်ပါတယ်။ ကားခေါင်မိုးထောက်တိုင်တွေရဲ့ ဘယ်ညာအစွန်းတွေကနေ နောက်ပိုင်းအထိ တစ်ဆက်တည်းဖြစ်တဲ့ ရှေ့လေကာမှန်က စီးသူတွေကို မြင်ကွင်းကျယ်ပုံရိပ်တွေ မြင်တွေ့စေမှာပါ။ Audi ရဲ့ က Multi Media Interface (MMI) ထိန်းချုပ်မှုစနစ်သုံးထားလို့ ကားနဲ့သက်ဆိုင်တဲ့ အချက်အလက်တိုင်းကို ဒစ်ဂျစ်တယ်အချက်ပြဒိုင်ခွက်မှာ ကြည့်ရှုနိုင်ပါတယ်။ ပြိုင်ကားအမျိုးအစားပီပီ Audi RSQ မှာ ဖျော်ဖြေရေးစနစ်ကိုတော့ မထည့်ထားပါဘူး။ အတွင်းပိုင်းကို နေရာကျယ်ဝန်းအောင် သေချာဖန်တီးထားပြီး အနက်ရောင်အများစုနဲ့ခြယ်သထားသလို နည်းပညာပိုင်းဧရိယာကိုတော့ ငွေရောင်နဲ့ပုံဖော်ထားပါတယ်။ တံခါးပေါင်အောက်ခြေမှာ RSQ  စာလုံးကို အနီရောင်နဲ့ဖော်ပြထားတဲ့ Audi RSQ ကို I,ROBOT ဇာတ်ကားအတွက် ပုံဖော်ဖန်တီးခဲ့တာဖြစ်ပြီး အပြင်မှာ စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here