ရိဒ်ရေကန်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများ အပေါ်စီးမှ မြင်တွေ့နိုင်မည့် View Point သစ် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်

171

 

ရိဒ်ခေါ်ဒါရ်၊ နိုဝင်ဘာ ၁၄

ကမ္ဘာကျော် အသည်းနှလုံးပုံ ရိဒ်ရေကန်ဟု လူသိများသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါ်ဒါရ်မြို့ရှိ ရိဒ်ရေကန်ကို ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရာတွင် ရိဒ်ရေကန်တစ်ခုလုံးအား အပေါ်စီးမှ မြင်တွေ့နိုင်မည့် View Point သစ်ကို အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ရိဒ်ရေကန်ကို မြင်တွေ့နိုင်ရန် ရှုခင်းသာ View Point အဖြစ် လက်ရှိအသုံးပြုနေသောနေရာသည် ရိဒ်ခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ တည်ရှိသည့်အတွက် စာသင်ကျောင်းဖွင့်ချိန်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုချိန်များတွင် ခရီးသွားဧည့်သည်မျာ းလာရောက်လည်ပတ်ရာ၌ ကျောင်းသား၊ ကျောင်းသူများ စာသင်ယူမှု အနှောင့်အယှက်ဖြစ်ခြင်းတို့ ရံဖန်ရံခါ ကြုံတွေ့ရကြောင်း၊ ထို့ကြောင့် View Point သစ်ပြုလုပ်နိုင်ရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ မြေနေရာရှာဖွေခဲ့ကြပြီး ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြကာ လတ်တလော၌ View Point မြေနေရာအသစ်ကို ရိဒ်ရေကန်၏ အနောက်တောင်ဘက်ရှိ ကုန်းပေါ်မြေနေရာတွင် လျာထားကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

လတ်တလောလျာထားသည့် View Point မြေနေရာသစ်တွင် ခရီးသွားများ လာရောက်လည်ပတ်ရာ၌ အဆင်ပြေပြေသွားလာနိုင်ရန်နှင့် ဆွဲဆောင်မှုရှိစေရန် ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ၏ ဖြည့်စွက်ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် လတ်တလော၌ ချင်းပြည်နယ်အစိုးရသို့ တင်ပြထားဆဲဖြစ်ကာ ယခု View Point နေရာသစ်သည် အသည်းနှလုံးပုံရိဒ်ရေကန်နှင့်အတူ ရိဒ်ရေကန်ဘေးပတ်လည်ရှိ စပါးစိုက်ခင်း လယ်ယာမြေများ၊ ရိဒ်ရေကန်အနီးရှိ ပြည်ထောင်စုရိပ်သာအပါအဝင် မြို့မြင်ကွင်းကိုပါ ထင်ရှားစွာမြင်တွေ့နိုင်မည်ဖြစ်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ရိဒ်ရေကန်သည် ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရနေရာဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာမြင်အထက် ပေ ၂,၉၆၆ အမြင့်တွင် သဘာဝအတိုင်း တစ်မူထူးခြားစွာ တည်ရှိသည့် အသည်းနှလုံးပုံရေကန်တစ်ခုလည်းဖြစ်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှုခံရရုံမက ပွင့်လင်းရာသီရောက်တိုင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားသည့်နေရာလည်းဖြစ်ကြောင်း အဆိုပါဒေသခံများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ရိဒ်ရေကန်ကို ကြည့်ရှုနိုင်မည့် View Point သစ် ရှာဖွေကွင်းဆင်း တိုင်းတာခဲ့ကြစဉ်။
ဓာတ်ပုံများ- ရိဒ်ခေါ်ဒါရ် ပြန်/ဆက်။

LEAVE A REPLY

Please enter your comment!
Please enter your name here