ရာသီဥတုအခြေအနေနှင့်အတူ ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေများကြောင့် ဝယ်လက်လာရောက်မှုနည်းနေသည့် မန္တလေးကားစျေးကွက်

1073

 

ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုများပြားနေခြင်းကြောင့် ဝယ်လက်လာရောက်မှုနည်းကာ ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရ သည်။

”ရာသီဥတုနဲ့အပြိုင် အေးတာပေါ့၊ မြို့ပေါ်ဝယ်လက်ရော နယ်ဝယ်လက်ပါ မလာတော့ အရောင်းအဝယ်အေးသွားတယ်၊ ဝယ်လက်က တော်တော်ကိုရှားသွားတယ်၊ အရင်က စျေးကွက်ကိုဦးဆောင်တဲ့ ပွိုင့်သရီးတွေတောင် ဒီတစ်ပတ် အေးသွားတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ ရောင်း ကိုနောနော်က ပြောသည်။

မန္တလေးကားစျေးကွက်အေးရသည့် အကြောင်းရင်းများမှာ ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေများ၊ ယခုနှစ်အတွင်း ကားလိုအပ်ချက်ပြည့်မီခြင်းများကြောင့် ဖြစ်နိုင်ပြီး ထွက်ပေါ်နေသည့် ကားတင်သွင်းခွင့်မူဝါဒများအပြင် စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့်များလည်း ပါဝင်ကြောင်း သုံးသပ်ကြသည်။

ယခုတစ်၌ မန္တလေးမြို့တွင် မိုးရွာသွန်းမှုများသည့်အတွက် ဝယ်လက်များအပြင် ကားဝယ်/ရောင်းများပါ စျေးကွက်အတွင်း လာရောက်မှုနည်းပြီး စျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်ခြင်းများကလည်း ကားစျေးကွက်အေးနေရသည့် အကြောင်းရင်းများထဲတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ်၌ တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့်ပြုမည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သဖြင့် စျေးကွက်အတွင်း စောင့်ကြည့်မှုများရှိခဲ့သော်လည်း လက်ရှိ၌အများဆုံးအသုံးပြုနေသည့် ဂျပန် Used ကားစျေးကွက်မှာမူ ကြီးမားသည့်အပြောင်းအလဲ မဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

”ကားသုံးတဲ့သူ တော်တော်များများက ဂျပန်ကားလောက်ပဲ စိတ်ဝင်စားကြတယ်၊ တရုတ်ကားတွေက ပြောသာပြောနေကြတာ တရားဝင်လည်း မထုတ်ပြန်ထားဘူး၊ ကားတစ်စီးတင်သွင်းပြီး ဘယ်လောက်တန်ဖိုးဆိုတာလဲ အတိအကျမသိကြသေးတော့ လောလောဆယ် လက်ရှိ ရှိတဲ့ ဂျပန်ကားလောက်ပဲ စိတ်ဝင်စားမှုများပါတယ်၊ တကယ်လို့ သွင်းလာခဲ့ရင်လည်း တရုတ်နဲ့ ဂျပန်ကားစျေးကွက်က ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာတော့ ရှိပါတယ်”ဟု မန္တလေးမြို့ကားစျေးကွက်မှ ကားဝယ်/ ရောင်းတစ်ဦးက ပြောသည်။

”အရင်ကလည်း တရုတ်ကားတွေက သွင်းဖူးပါတယ်၊ ဒါပေမဲ အာရှကိုသွင်းတဲ့ အရည်အသွေးကြောင့်လားတော့ မသိဘူး၊ ဒီမှာအကြိုက်နည်းကြတယ်၊ ဥရောပမှာ စျေးကွက်ယှဉ်ပြိုင်ပြီး ရောင်းရတဲ့ကားမျိုး ဆိုရင်တော့မပြောတတ်ဘူး၊ အရင်တုန်းက တွေ့ခဲ့တဲ့အတွေ့အကြုံအရတော့ တရုတ်ကားဆိုရင် ဒီကသိပ်မကြိုက်ကြဘူ”ဟု ဝါရင့်ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးက ပြောသည်။

စျေးကွက်အေးသွားသည့် အခြေအနေ၌ ၆၆ဝ စီစီ မီနီထရပ် (ခွေးဘီလူး) ကားဟောင်းလေးများသာ စျေးကွက်အတွင်း အမေးများလျက်ရှိ ပြီး Suzuki အမျိုးအစားလေးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ခွေးဘီလူးကားလေးများ အမေးများရသည့်အကြောင်းရင်းမှာ ဆီစားသက်သာသည့်အပြင် လုပ်ငန်းသုံး၊ အိမ်သုံး အသုံးပြုနိုင်ပြီး ကားစျေးအရလည်း အဆင်ပြေနိုင်သည့် စျေးနှုန်းအနေအထားတို့ကြောင့် လက်ရှိစျေးကွက်ကို ဦးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ညာမောင်းကားတင်သွင်းမှု ဖျက်သိမ်းလိုက်သဖြင့် ရောက်ရှိပြီး ညာမောင်းကားလေးများ စျေးကွက်အတွင်း အရောင်းအဝယ်ကောင်းလာနိုင်သည်ဟု သုံးသပ်ထားကြသော်လည်း ဝယ်လက်လာရောက်မှု မရှိသည့်အပြင် လက်ရှိကားစျေးကွက်အေးနေသည့် အခြေအနေကြောင့် စျေးကွက်မှာ ထင်သလောက် ကောင်းမွန်လာခြင်းမရှိကြောင်း သိရသည်။ ကားအရောင်းအဝယ် ကောင်းမွန်ခြင်းမရှိသော်လည်း တင်သွင်းနိုင်မှု မရှိခြင်းနှင့် ညာမောင်းကားရှားပါးခြင်းများကြောင့် ရောက်ရှိပြီး ညာမောင်းကားလေးများမှာ ကျပ်ငါးသိန်းမှ ၁ဝ သိန်းဝန်းကျင်အထိ စျေးခေါ်ရောင်းချလာကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။

”စျေးကျနေတုန်းက အရောင်းအဝယ်ကောင်းသလားဆိုတော့လည်း မကောင်းဘူး၊ စျေးတက်သွားလို့ အရောင်းအဝယ်ကောင်းသလားဆိုတော့လည်း မကောင်းဘူး၊ အရောင်းအဝယ်ကောင်းလို့ စျေးတက်တာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့အခြေအနေကြောင့် စျေးတက်သွားရတာပါ”ဟု မန္တလေးမြို့ ကားစျေးကွက်အတွင်းမှ ဝါရင့်ကားဝယ်/ရောင်းတစ်ဦးက ရောက်ရှိပြီး ညာမောင်းကားများ၏ စျေးကွက်အခြေအနေကို ပြောသည်။

Consignment ကားများ ယခုလအတွင်း စလစ်အပြီးကပ်ရမည် ဖြစ်သော်လည်း စျေးကွက်အေးနေသည့်အနေအထားနှင့် စလစ်မကပ်ရသေးသည့် Consignment ကား နည်းပါးခြင်းများကြောင့် အရည်ကျိုနှင့် စလစ်စျေးကွက်မှာ ဆက်လက်အေးလျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ်၌ နှစ်နှစ်ဆယ်သက်တမ်းရှိ အို/ဟောင်းယာဉ်တစ်စီးလျှင် ကျပ် ၇၉ သိန်းမှ သိန်းရှစ်ဆယ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်သိန်းကိုးဆယ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

”ဒီတစ်ပတ် စျေးကွက်အခြေအနေက စျေးတန်းတော့မာတယ်၊ ဒါပေမဲ့ ဝယ်လိုအားတော့မကောင်းဘူး၊ သွင်းလို့မရတဲ့အခြေအနေကြောင့် စျေးတန်းမာပြီး အဓိကလူကြိုက်များတဲ့ ခွေးဘီလူးလေးတွေ၊ ပွိုင့်သရီးလေးတွေ စျေးတန်းမာနေတယ်”ဟု ကားဝယ်/ရောင်းတစ်ဦးက ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေကို ပြောသည်။

ပြည်ဘုန်းမောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here