ရာသီဥတုပြောင်းလဲမှု  ရည်မှန်းချက်များပြည့်မီရန် ဒီဇယ်ကားများ  လိုအပ်နေဆဲဟု ဂျာမနီဝန်ကြီးချုပ်  ပြော

480

ရာသီဥတုပြောင်းလဲမှု ရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်မည်ဆိုပါက ဒီဇယ်လောင်စာဆီသုံးကားများ ဆက်လက်လိုအပ်နေဦးမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် Angela Merkel က သတိပေးပြောကြားခဲ့သည် ဟု သြဂုတ် ၂ဝ ရက်တွင် နိုင်ငံတကာ သတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့သည်။

 

ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုများနှင့် ပတ်သက်ပြီး လိမ်လည်လှည့်ဖြားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇယ်ကားများကို စွန့်လွှတ်သင့်ကြောင်း အလျင်စလို ဆုံးဖြတ်ခဲ့ကြမှုကို ဆန့်ကျင်၍ ဝန်ကြီးချုပ်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ပတ်သက်ပြီး လိမ်လည်ခဲ့သည့် ဂျာမန်ကားကုမ္ပဏီများအနေဖြင့် ဒီဇယ်ကားများနှင့် ပတ်သက်ပြီး လူထု၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ရွေးကောက်ပွဲအကြို အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

 

”ကျွန်မတို့အနေနဲ့ ရာသီဥတုကာကွယ်ရေးရည်မှန်းချက်တွေ ပြည့်မီချင်တယ်ဆိုရင် ဒီဇယ်ကားတွေ ဆက်ပြီးလိုအပ်နေဦးမှာပါ”ဟု ၎င်းက ပြောသည်။ ဒီဇယ်ကားများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားသော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏ လျော့နည်းကြောင်း သိရသည်။

 

ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှု လိမ်လည်ခြင်းရလဒ်အဖြစ် တန်ဖိုးကျဆင်းသွားသည့် ကားပိုင်ရှင်များကို ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း ရှင်များက လျော်ကြေးပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ မဆောင်ရွက်ပါက ကမ္ဘာကလေးစားရသည့် ဂျာမနီကားထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ကြီးမားသည့်ဆိုးကျိုးများ တွေ့ကြုံခံစားရနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Ref: Reuters, Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here