ရန်ကုန်၊ မေ ၂
Covid-19 ကူးစက်ရောဂါ၏ ဆက်လက်ဖြစ်ပေါ်လာမည့် အကျိုးဆက်အပေါ်မူတည်ပြီး ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခြင်း လုပ်ဆောင်မည် ဖြစ်ကြောင်း OmniFocus General Services Public
Co.,LTD မှ သိရသည်။
OminiFocus ကုမ္ပဏီသည် Airport Shuttle Bus ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်းပေါင်း ရှစ်လိုင်းကို တာဝန်ယူပြေးဆွဲနေခြင်းဖြစ်သည်။ ယခုအခါ Covid-19 ကူးစက်ရောဂါကြောင့် အမှတ် ၅၆ ယာဉ်လိုင်းတစ်ခုသာ ပြေးဆွဲနေပြီး ကျန်ယာဉ်လိုင်းများကို ရပ်နားထားရကြောင်း ယင်းကုမ္ပဏီက သိရသည်။
” အဓိကက လိူင်သာယာမှာ ယာဉ်ရပ်နားဝင်း ဆောက်ထားပြီး အဲ့ဒီအထဲမှာ ကားတွေရပ်နားတယ်၊ အလုပ်ရုံးခန်းတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒီကားဝင်းထဲမှာ ယာဉ်မောင်း၊ ဝန်ထမ်း တစ်ယောက်ယောက်ဆီက ပိုးရှိတာမျိုးဖြစ်ခဲ့ရင် ဝန်ထမ်းရော မိသားစုတွေအားလုံးအတွက် မဖြစ်သင့်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်၊ ကားပေါ်ကတစ်ဆင့် ခရီးသည်တွေဆီ ကူးစက်မှာလည်း စိုးရိမ်တယ်၊ ပိုးသတ်ဆေး ဘယ်လောက်ဖျန်းဖျန်း၊ Mask တွေ တပ်လည်း အခန့်မသင့်လို့ ကူးစက်မူတွေ ဖြစ်လာမှာကို စိုးရိမ်တယ်၊ နောက်ပြီး လှိုင်သာယာက Lock Down ထဲလည်း ပါနေတယ်၊ စီးတဲ့ခရီးသည်ကလည်း နည်းနေတာကြောင့် အခုလို Covid-19 ကူးစက်ရောဂါကာလမှာ ခဏလေး ရပ်နားလိုက်တာက ပိုအဆင်ပြေမယ်၊ အကုန်လုံးအတွက်လည်း အကျိုးရှိမယ်ထင်လို့ အခုလိုရပ်နားထားတာပါ၊ ပြန်ပြေးဆွဲဖို့ကတော့ အစိုးရနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး ပြေးဆွဲဖို့ စီစဉ်မှာပါ ” ဟု OmniFocus General Services Public Co., LTD မန်နေဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။
OmniFocus ကုမ္ပဏီမှ ယာဉ်လိုင်းများရပ်နားခြင်းကို မေ ၁၅ ရက်အထိ ယာယီသတ်မှတ်ထားသော်လည်း Covid-19 ကူးစက်ရောဂါ၏ ဆက်လက်ဖြစ်ပေါ်လာမည့် အကျိုးဆက်အပေါ်မူတည်ကာ ပြန်လည်ပြေးဆွဲရန်အတွက် စီစဉ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့ပတ် ၅၆ ယာဉ်လိုင်းကို ယာဉ်အစီးရေ ခြောက်စီးဖြင့် နေ့စဉ် ခရီးသည် ငါးထောင်အား သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။ OmniFocus ကုမ္ပဏီမှ Airport Shuttle Bus ယာဉ်လိုင်းနှင့် YBS ၂၀ ၊ ၈၂ ၊ ၈၃ ၊ ၉၉ ၊ ၉၈ ၊ ၁၀၁ ၊ ၅၆ ယာဉ်လိုင်းတို့ကို တာဝန်ယူ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။
ကြည်ပြာ