ရန်ကုန်၊ ဒီဇင်ဘာ ၉
ခရီးသည်စီးနင်းမှု ကျဆင်းလာ၍ ပြေးဆွဲခြင်း ရပ်နားထားရသည့် Omni Focus ကုမ္ပဏီမှ ယာဉ်လိုင်းလေး လိုင်းကို ခရီးစဉ်လမ်းကြောင်း အတိုချုံး ပြေးဆွဲခွင့်ပြုရန် YRTA ထံ တင်ပြထားကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်းလေးလိုင်းသည် စာသင်ကျောင်းများ ချိတ်ဆက် ပြေးဆွဲရသည့် ယာဉ်လိုင်းများရှိသလို လေဆိပ်၊ အဝေးပြေးကားဝင်းများကို ချိတ်ဆက်ပြေးဆွဲရသည်များရှိပြီး ယင်းနေရာများတွင် ခရီးသည်စီးနင်းမှု မရှိသလောက် နည်းပါးနေသည့်အတွက် ခရီးစဉ်လမ်းကြောင်းများကို အတိုချုံး၍ ပြောင်းလဲပြေးဆွဲခွင့်ပြုရန် YRTA ကို တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
“အခုကာလက ခရီးသည် အတော်နည်းနေတယ်၊ ခရီးစဉ်အရှည်တွေပြေးဆွဲလို့ အဆင်မပြေဘူး၊ တချို့နေရာတွေက ခရီးသည် မရှိသလောက် နည်းနေတယ်၊ အဲ့ဒါကြောင့် ခရီးစဉ် အတိုချုံး ပြေးဆွဲခွင့်ပြုဖို့တော့ တင်ပြထားတယ်၊ ခွင့် ပြုချက်ရပြီဆိုရင် ခရီးသွားတွေကို အသိပေးကြေညာပြီး ပြေးဆွဲပေးမှာပါ” ဟု Omni Focus General Services Public Co,Ltd မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။
Omni Focus ကုမ္ပဏီက ယာဉ်လိုင်းနံပါတ် 20၊ 56၊ 83၊ 98၊ 99 တို့ကို ပြေးဆွဲပေးနေပြီး Airport Shuttle Bus ယာဉ်လိုင်း၊Airport Shuttle Bus တိုးချဲ့ ယာဉ် လိုင်း၊ 101ယာဉ်လိုင်း၊ 82ယာဉ် လိုင်းတို့ကို ခရီးစဉ်လမ်းကြောင်း အတိုချုံး ပြောင်းလဲပြေးဆွဲခွင့်တင် ပြထားသည်။
ကြည်ပြာ