ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၁၄ ဘီးအထက်ယာဉ်များ(တွဲကားများအပါအဝင်) ယခုလကုန်တွင် ဖြတ်သန်းသွားလာခွင့် ရပ်ဆိုင်းမည်

169

 

မန္တလေး၊ နိုဝင်ဘာ ၁၄

Covid-19 ကပ်ရောဂါကာလအတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကုန်တင်ယာဉ်များ၊ တွဲကားများကို အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လကြာ သွားလာခွင့်ပြုထားပြီး နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီမှစ၍ ၁၄ ဘီးအထက်ယာဉ်များ(တွဲကားများအပါအဝင်) ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခင်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ယာဉ်များ မောင်းနှင်သွားလာမှုကို လုံးဝ ပိတ်ပင်ထားခဲ့သော်လည်း Covid-19 ကပ်ရောဂါကာလအတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းကို အသုံးပြု၍ သွားလာရာ၌ ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ကုန်တင်ယာဉ်များအား အမြန်လမ်းပေါ်မှ သွားလာခွင့်ကို ယာယီအစီအမံဖြင့် နှစ်လကြာ ခွင့်ပြုခဲ့ကြောင်း၊ သို့သော် လာမည့် နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီမှစ၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၁၄ ဘီးအထက်ယာဉ်များ (တွဲကားများအပါအဝင်)ကို ဖြတ်သန်းသွားလာခွင့်ပေးတော့မည်မဟုတ်ဘဲ သီးခြားခွင့်ပြုထားသော ယာဉ်များအနက် ၁၄ ဘီးအထိ ယာဉ်များကိုသာ သတ်မှတ်နှုန်းထားများပေးဆောင်စေ၍ ဆက်လက် ဖြတ်သန်းခွင့်ပြုထားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ဆက်လက်ဖြတ်သန်းမောင်းနှင်ခွင့်ရရှိဦးမည့် ၁၄ ဘီးအထိ ကုန်တင်ယာဉ်များအနေဖြင့်လည်း ဝင်ရိုးအရေအတွက်အလိုက် လမ်းဦးစီးဌာနမှ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ Rest Camp များ၊ သို့မဟုတ် ကုန်တင်ကားများ ခေတ္တရပ်နားရန် သတ်မှတ်ထားသောနေရာများတွင်သာ ရပ်နားခွင့်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ကုန်တင်ယာဉ်များအားလုံး လမ်း၏ လက်ယာဘက် ယာဉ်ကြောမှကပ်မောင်းရမည့်အပြင် တစ်နာရီလျှင် ကီလိုမီတာ ခြောက်ဆယ်ထက်ပို၍ မောင်းနှင်ခွင့်ပြုမည်မဟုတ်ဘဲ သတ်မှတ်ရပ်နားရန် ခွင့်ပြုထားသည့် နေရာမှလွဲ၍ လမ်းဘေးတွင် ရပ်နားခြင်းနှင့် ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်းများ စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး

LEAVE A REPLY

Please enter your comment!
Please enter your name here