ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး၌  လမ်းအသုံးပြုခကို အလိုအလျောက် ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်

637

ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်၌ လမ်းအသုံး ပြုခကို ETC (Electronic Toll Collection) အလိုအလျောက် ကောက်ခံသည့် စနစ်ဖြင့် ကောက်ခံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယင်း ETC စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနိုင်ရန် မြပန်ဝါမှ လှူဒါန်းပြီး လက်ရှိတွင် စမ်းသပ်အဆင့်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

”လက်ရှိတော့ Test Run နေသေးတယ်၊ ဒီစနစ်က ကွန်ပျူတာစနစ်ဆိုတော့ အဆင်ပြေဖို့အတွက်က အချိန်တော့ ပေးရဦးမယ်”ဟု အမြန်လမ်းရှိ ‘ဆောက်လုပ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးကျော်နိုင် က ပြောသည်။

 

ETC (Electronic Toll Collection) စနစ်ဆိုသည်မှာလမ်း အသုံးပြုခကောက်ခံမှုအား လူမလိုအပ်ဘဲ အလိုအလျောက်မောင်းတံဖွင့်သည့်စနစ်ဖြင့် ကောက်ခံသည့်ပုံစံမျိုး ဖြစ်သည်။ ထိုစနစ်ဖြင့် ယာဉ်အသုံးပြုခ၊ လမ်းအသုံးပြုခ ကောက်ခံမည်ဆိုပါက ယာဉ်အမျိုးအစားနှင့် ကောက်ခံမည့်နှုန်းထားများကိုလည်း အလိုအလျောက် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

” ETC စနစ်ထဲမှ RFI လို့ ခေါ်တဲ့ မှတ်တမ်းတင်တဲ့စနစ် ပါတယ်၊ ဒါက ယာဉ်အမျိုးအစားတွေကို မှတ်တမ်းတင်ပြီး Record လုပ်တဲ့ပုံစံ ဖြစ်ပါတယ်၊ ယာဉ်အမျိုးအစား ၃၈ မျိုးကို နှုန်းထားကိုးမျိုးနဲ့ မှတ်တမ်း တင်မယ်လို့လည်း အကြမ်းဖျင်း သိရပါတယ်”ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိ၌ အမြန်လမ်းမကြီး တွင် လမ်းအသုံးပြုခ ကောက်ခံရာ၌ ယာဉ်အမျိုးအစားများအား Class 1 ၊ 2 ၊ 3 ၊ 4 ဖြင့် ခွဲခြားထားပြီး လူဖြင့် ကောက်ခံသည့်စနစ်ကို အသုံးပြုလျက်ရှိသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here