ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကုန်စည်သယ်ယူပို့ဆောင်ရာ၌ ခရီးစဉ်အကွာအဝေးအရ အချိန်ကြန့်ကြာမှုမဖြစ်စေရန် Covid-19 Negative ထောက်ခံစာ သတ်မှတ်ရက် တိုးပေးရန်လိုအပ်ဟုဆို

121

 

ရန်ကုန်၊ နိုဝင်ဘာ ၂၁

၁၄ ဘီးအထက် ကုန်တင်ယာဉ်များသည် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ယခင် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်းသာ ပြေးဆွဲရမည်ဖြစ်ပြီး သုံးရက်တစ်ကြိမ်စစ်ရသော Covid-19 Negative ထောက်ခံစာအရ ခရီးစဉ်ဝေးသောဒေသများသို့ ကုန်စည်ပို့ဆောင်ရာတွင် ခရီးစဉ်ကြန့်ကြာမှုများရှိနိုင်သောကြောင့် သတ်မှတ်ရက်တိုးမြှင့်ပေးရန် လိုအပ်ကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Covid-19 ကာလအတွင်း ကုန်စည် စီးဆင်းမူ အဆင်ပြေမြန်ဆန်စေရန် ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ကုန်တင်ယာဉ်များ သ ွားလာခြင်းကို ယာယီခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့်သွားလာရာ၌ Covid-19 Negative ထောက်ခံစာအား ကုန်စည်ပို့ဆောင်သည့် တစ်ကြိမ်တွင်တစ်ခါသာ စစ်ဆေးရသော်လည်း ယခုအခါ ယခင်လမ်းဟောင်းအတိုင်း ပြန်လည်မောင်းနှင်ရာတွင် လမ်းကြောင်းအရ ခရီးစဉ်ဝေးသောဒေသများသို့ ကုန်စည်ပို့ဆောင်ရာ၌ အသွားလမ်းကြောင်းတစ်ခုတွင်ပင် တစ်ကြိမ်ထက်ပို၍ စစ်ဆေးရသည်များ ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် Covid-19 Negative ထောက်ခံစာ ၇၂ နာရီသာ အကျုံးဝင်သည်ဟု သတ်မှတ်ထားခြင်းအား ရက်ထပ်တိုးသတ်မှတ်ပေးစေချင်ကြောင်း ယာဉ်မောင်းများထံမှသိရသည် ။

“ကျန်းမာရေးကလည်း အရမ်းအရေးကြီးနေတဲ့အချိန်ဖြစ်တယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကလည်း တွေ့ရာနေရာတွေကို သွားလို့မရဘူး၊ သတ်မှတ်နေရာတွေပဲ သွားလာရမယ်ဆိုတာလည်း စည်းကမ်းထုတ်ပြီးသားဆိုတော့ Covid-19 ဆေးစစ်ချက်ကို တစ်ပတ်တစ်ကြိမ်စစ်တာမျိုးလောက်တော့ ဖြေလျှော့ပေးစေချင်ပါတယ်၊ အခုလိုပုံစံနဲ့ဆိုရင် မြစ်ကြီးနားတို့၊ ရှမ်းပြည်တို့လို ဝေးတဲ့ခရီးစဉ်တွေကို ၇၂ နာရီနဲ့မရောက်နိုင်ဘူး၊ လမ်းမှာပဲ ရက်ပြည့်လို့ ထပ်စစ်ရမယ့်သဘော ဖြစ်နေတယ်၊ အဲ့ဒီအချက်လေးကိုတော့ ဖြေလျှော့ပေးစေချင်ပါတယ်”ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။

ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ၏ Covid-19 ဆေးစစ်ချက် Negative ထောက်ခံချက်သည် ၇၂ နာရီသာ အကျုံးဝင်ပြီး သတ်မှတ်ချိန်ကျော်လွန်ပါက ကနဦး ဝင်ထွက်သွားလာမည့် တိုင်းဒေသကြီး ပြည်နယ်များ၏ ဝင်ပေါက်တွင် ထပ်မံစစ်ဆေးမှု ခံယူရမည်ဆိုသည်ကို Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရထံ ညွန်ကြားထားခြင်းဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here