ရန်ကုန်-မန္တလေးလမ်းဟောင်း၌ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ် နေရာပြောင်းရွှေ့မည်

591

မန္တလေး၊ မေ

ရန်ကုန်-မန္တလေးလမ်းဟောင်း မြို့ ဝင်ကြေးကောက်ခံသည့်ဂိတ်အား မန္တလေးမြို့အဝင် အရှေ့ဘက်၌ လာမည့်ဘတ်ဂျက်နှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မှ ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောသည်။

”လက်ရှိ ဂိတ်ဟောင်းနေရာက ယာဉ်ရှုပ်ထွေးတဲ့နေရာဖြစ်နေတယ်၊ထုံးဘိုတက်မဲ့လမ်းဆုံးဖြစ်တယ်၊ပြီးတော့ ရန်ကုန်-မန္တလေး လမ်းဆုံကြီးနဲ့ ပေတစ်ရာလောက်အကွာမှာပဲ ဖြစ်နေတော့အမြဲတမ်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတယ်၊ပြီးတော့တောင်အင်းမြောက်အင်း နာရေးပို့တဲ့နေရာလဲရှိတော့ အမြဲတမ်း ယာဉ်ကြောတွေပိတ်တယ်၊ နာရေးကားတွေလဲ အခက်အခဲဖြစ်တယ်၊မြို့ရဲ့လုံခြုံရေးအတွက်လဲပါတယ်”ဟု ကော်မတီဝင် ဦးကျော်ဇောအောင်က ဆိုသည်။

မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်အား မန္တလေးမြို့အရှေ့ဘက်ရှိ မိုင်တိုင်အမှတ် ၄၂၁/ဝနှင့် ၄၂၂/၅ အကြားသို့ ပြောင်းရွှေ့ရန် ယာယီ စီစဉ်ထားပြီး လက်ရှိ၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုမိန့်ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၇ ရက် နေ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုမြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင်များ၊လမ်းတံတားဌာန၊အခွန်ဌာန၊ အဆောက်အအုံ နှင့် ကုန်ရုံဌာနတို့မှ တာဝန်ရှိသူများ၊လမ်းဦးစီးဌာနများမှ မြေနေရာရွေးချယ်ခြင်းကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြောင်းရွှေ့ရန်လျာထားသည့် မန္တလေးမြို့အရှေ့ဘက်နေရာသို့ ပြောင်းရွှေ့ပါက မြို့၏အဝင်အထွက် နေရာများအတွက် လုံခြုံရေး  ပိုပြီးအဆင်ပြေနိုင်ပြီးယာဉ်ကြောရှုပ်ထွေးမှုအခက်အခဲကိုလည်း          ပြေလည်သွားနိုင်မည်ဖြစ်သည့်အပြင် မြို့ဝင်ကြေးအခွန်ငွေကိုလဲ တိတိကျကျ ရရှိစေနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်ပြောင်းရွှေ့မှုအား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီစဉ်ပြောင်းရွှေ့တည်ဆောက်သွားမည်ဖြစ်ပြီးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပါကအဆောက်အအုံဌာနမှ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here