ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ခြင်းစီမံကိန်းကို  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ကန့်ကွက်ခဲ့ခြင်းမရှိဟုဆို

528

ရန်ကုန်၊ ဇွန်

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ခြင်းစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ကန့်ကွက်ခဲ့ခြင်းမရှိကြောင်း ဌာနတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် ပန္နက်ရိုက်ရန် စီစဉ်ခဲ့သော်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကန့်ကွက်သည့်အတွက် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

”မြစ်ကူးတံတားတည်ဆောက်ဖို့ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကန့်ကွက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ကတည်းက ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ်ဆွေးနွေးနေတာ ဖြစ်ပါတယ်၊ အရင်ဆွေးနွေးမှုတွေမှာ တံတားအမြင့်ပေ၊ တံတားအကျယ်အဝန်းအတွက် ဆွေးနွေးတာ ဖြစ်ပါတယ်၊ အခုအခါမှာ တံတားအောက်ခြေ ရေလည်တိုင် မပါဖို့နဲ့ ပါမယ်ဆိုရင်လည်း ကမ်းတစ်ဖက်တစ်ချက်စီမှာသာ ထားဖို့အတွက် ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောသည်။

မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းကို ယခင်အစိုးရလက်ထက်က ဌာနဆိုင်ရာအသီးသီးမှ သဘောတူညီထားပြီး ဖြစ်သော်လည်း ယခုအခါ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကြောင်းအမျိုးမျိုး ပြကာ ကန့်ကွက်နေခြင်းဖြစ်ကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တံတားတည်ဆောက်ခြင်းအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်မှုပြုလုပ်ခြင်းသည် ငါးကြိမ်မြောက် ရှိပြီဖြစ်ပြီး တံတားတည်ဆောက်လျှင် အချိန်ကာလ ၂ နှစ်ကျော်သာ ကြာမြင့်မည်ဖြစ်သော်လည်း ကန့်ကွက်မှုအမျိုးမျိုးကြောင့် ယခုအချိန်အထိ စီမံကိန်းစတင်နိုင်ခြင်းမရှိကြောင်း ဦးထွန်းရင်က ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-ဒလ ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတားတည်ဆောက်ရန်အတွက် ၂ဝ၁၂ ခုနှစ် က ကိုရီးယားနိုင်ငံနှင့် သဘောတူညီမှုရရှိခဲ့ပြီး တံတားတည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၆၈ သန်း ကုန်ကျမည်ဖြစ်ကာ အစိုးရက နှစ် လေးဆယ် အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here