ရန်ကုန်၊ မေ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်ဘူတာကြီးကို ပြေးဆွဲမည့် လွန်းပျံလမ်းကြောင်း ခရီးသည်တင် အမြန်ယာဉ်လိုင်းကို ယခုလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း OMNI FOCUS ကုမ္ပဏီမှ သိရသည်။
မှတ်တိုင် ၁၈ ခုတွင်သာ ရပ်နားမည့် လွန်းပျံလမ်းကြောင်း ခရီးသည်တင် အမြန်ယာဉ်လိုင်းကို OMNI FOCUS ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲမည်ဖြစ်ပြီး ယခုလအတွင်း စတင်ပြေးဆွဲရန် YRTA မှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။
”လွန်းပျံလမ်းကြောင်း ခရီးသည်တင် အမြန်ယာဉ်လိုင်း ပြေးဆွဲဖို့အတွက် ခွင့်ပြုချက်ရထားပါတယ်၊ ပြေးဆွဲဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ၊ ဒီကားတွေ ရပ်နားဖို့အတွက် လေဆိပ်မှာ မှတ်တိုင်နှစ်ခုကို YRTA က ဆောက်လုပ်ပေးနေတာကြောင့် တည်ဆောက်ပြီးတာနဲ့ စတင်ပြေးဆွဲမှာပါ၊ ဒီလမကုန်ခင် စတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ‘OMNI FOCUS ကုမ္ပဏီ’ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။
ဆူးလေ-လေဆိပ် အမြန်ယာဉ်လိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှစ်မိုင်၊ ကမ္ဘာအေးဘုရား၊ မြကျွန်းသာ၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ကန်တော်ကြီး(ရေခဲစက်မှတ်တိုင်)၊ တိရစ္ဆာန်ဥယျာဉ်၊ သမ္မတရုပ်ရှင်ရုံ၊ ဆူးလေ ရှန်ဂရီလာ၊ ဆူးလေဘုရား၊ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ကို ယာဉ်အစီးရေငါးဆယ်ဖြင့် စတင်ပြေးဆွဲရန် စီစဉ်နေပြီး လေယာဉ်ဆိုက်ရောက်ချိန်များအပေါ်မူတည်၍ နေ့စဉ်ပြေးဆွဲမည့် အခေါက်ရေ သတ်မှတ်မည်ဖြစ်ကာ ယာဉ်စီးခကိုမူ YRTA မှ သတ်မှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ကြည်ပြာ