ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားများတက်စျေးဖြင့် အရောင်းအဝယ်အေးနေသည့် ရန်ကုန်ကားစျေးကွက်

1331

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း တောက်လျှောက်မြင့်တက်ခဲ့သည့် ကားစျေးများသည် မိုင်ကုန်သွားပြီဖြစ်၍ အရောင်းအဝယ် အဖြစ်နည်းသွားပြီး တက်စျေးဖြင့် စျေးကွက်ငြိမ်နေကြောင်းသိရသည်။ ကားစျေးများ မြင့်တက်သွားသည့်အတွက် စတိနံပါတ်ကားများမှာ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ကားအရောင်းစင်တာများနှင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကိုင်ထားသည့်ကားများကို စျေးလျှော့ရောင်း၍ မရသဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအပေါ်မူတည်ကာ အရောင်းအဝယ် ပြုလုပ်နေရကြောင်း သိရသည်။

 

”ဒီရက်ပိုင်းမှာ စျေးကွက်က တော်တော်လေးအေးနေပါတယ်၊ ကားစျေးက ထပ်တက်စရာမရှိတော့တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုရောက်ရင် ပြန်ကျသွားမှာပါ၊ ကားစျေးတွေကို ပြန်ချမရောင်းဘဲ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲအပေါ်မှာပဲ မူတည်ပါတယ်၊ မတောင့်ခံနိုင်တဲ့အချိန်ကျရင်တော့ ကားစျေးက ပြန်ဆင်းသွားမှာပါ၊ သိန်း ၁၅ဝ နဲ့ သိန်းနှစ်ရာကြား ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးကားလေးတွေ အရောင်းအဝယ် ဖြစ်တယ်၊ သိန်းသုံးရာအပေါ် ကားတွေကတော့ နည်းနည်းအေးတယ်၊  နောက်ပြီး Brand New ကားတွေရဲ့စျေးနား ကပ်သွားရင်လည်း ဂျပန်ကားဟောင်းတွေရဲ့စျေးက ရပ်သွားမှာပါ၊ ၁၃ဝဝ စီစီကားထဲမှာဆိုရင် Toyota Axio ၊ Honda Fit Shuttle တို့ဆိုရင် သိန်းသုံးရာကျော်သွားပြီ၊ Honda Fit GE6 ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ် ရန်ကုန်လိုင်စင် နံပါတ်အသစ်ဆိုရင်လည်း သိန်း ၂၆ဝ ကျော်သွားတဲ့အတွက် ဒီကားတွေကို ဝယ်မစီးကျတော့ဘဲ ပြည်တွင်းထုတ် Brand New ဖြစ်တဲ့ Suzuki Ciaz ဘက် လှည့်သွားကြတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

 

ကားစျေးများ တောက်လျှောက်မြင့်တက်သွားသည့်အတွက် အဝယ်များက ကားအသစ်များနှင့် တစ်ပတ်ရစ်ကားဟောင်းများကို ချိန်ဆဝယ်ယူနေကြသဖြင့် စျေးနှုန်းအပြောင်းအလဲမရှိသော Brand New ကားများမှာ ရောင်းအားမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်တင်သွင်းသည့် Honda Fit Shuttle ၊ Honda Fit GK3 ၊ Toyota Axio တို့မှာ ကျပ်သိန်းသုံးရာနားကပ်သွားသဖြင့် ပြည်တွင်းထုတ် Suzuki Ciaz မှာ ရောင်းအား သိသိသာသာ တက်သွားခဲ့သည်။ Suzuki Ciaz သည် CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သောကြောင့် ရန်ကုန်လိုင်စင် အမည်ပေါက်ရရှိသလို ငါးနှစ်အရစ်ကျဖြင့်လည်း ဝယ်ယူနိုင်၍ ၁၃ဝဝ စီစီ ဂျပန် တစ်ပတ်ရစ်ယာယီနံပါတ်ကားများထက် ဝယ်လိုအား ပိုမိုမြင့်တက်သွားကြောင်း သိရသည်။

 

”အခုအချိန်မှာ ဝယ်တဲ့သူတော်တော်များများက အသစ်ဘက်ကို အာရုံရောက်နေကြတယ်၊ အရင်ဝယ်ထားတဲ့သူတွေနဲ့ အခုမှဝယ်ထားတဲ့သူ တွေရဲ့စိတ်ထဲမှာ ဘယ်လိုထင်နေလဲဆိုတော့ သူတို့ဝယ်ထားတဲ့ ကားတွေက မိုဒယ်နိမ့်သွားပြီလား၊ နောက်ဘာဖြစ်လာနိုင်လဲဆိုတာ သံသယဝင်လာကြတယ်၊ အဲဒီလိုဖြစ်လာတော့ စီးတဲ့သူက ပြန်ထုတ်ရောင်းဖို့အတွက်ကို တာစူလာကြတယ်၊ အခုမှဝယ်စီးမယ့်သူတွေကျပြန်တော့လည်း စျေးက ထပ်ကျဖို့ရှိလား၊ အခုဝယ်လိုက်ရင် ရှုံးသွားနိုင်လားဆိုပြီး အတွေးတွေနဲ့ အရောင်းအဝယ်က ရပ်သွားတယ်၊ Honda Fit ၊ Civic ၊ Insight စီးနေတဲ့သူတွေကလည်း ဒီကားလေးတွေကို ထုတ်ရောင်းပြီး အရစ်ကျရောင်းတဲ့ Suzuki တို့၊ Nissan တို့ကို ဝယ်စီးလာကြတယ်၊ လက်ရှိ အချိန်မှာ အရောင်းအဝယ်ကအေးတယ်၊ ကားဝယ်မယ့်သူတော်တော်များကလည်း အရစ်ကျနဲ့ရောင်းချပေးတဲ့ Brand New ဘက်ကို စိတ်ဝင်စားလာ ကြတာကိုတွေ့ရပါတယ်”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။

 

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် ငွေလှည့်လိုသူများ စျေးချရောင်းသည့် ကားများနှင့် စျေးအနည်းငယ်ပြန်ဆင်းလာသော ၁၃ဝဝ စီစီကားလေးများသာ အရောင်းအဝယ်အနည်းငယ်ဖြစ်ပြီး စလစ်ကပ် ကားများမှာလည်း တက်စျေးအတိုင်းမဟုတ်ဘဲ စျေးချရောင်းသောကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ဂျပန်ညာမောင်းကားများ စျေးမြင့်တက်သွားသည့်အတွက် အပြင်အဝယ်အများစုက ငါးနှစ်အရစ်ကျ စနစ်ဖြင့်ရောင်းချသော Brand New ကားများအပေါ် အာရုံစိုက်လာကြသည်။ ဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့်ရောင်းချမှုမှာ ယခင်ထက် အားကောင်းလာ၍ ကားအရောင်းစင်တာများမှာ လက်ငင်းအပြင် အရစ်ကျစနစ်ရောင်းချမှုကိုပါ ပိုအားထားလာကြောင်း သိရသည်။

 

”ကားစျေးကွက်အရောင်းအဝယ် နည်းနည်းအေးတယ်၊ ကားစျေးက အရင်တက်ခဲ့တဲ့စျေးအတိုင်းပဲ တက်စျေးနဲ့ငြိမ်နေတယ်၊ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီ ဖရီးပါမစ်ကားလေးတွေလောက်ပဲ အရောင်းအဝယ်အနည်းငယ်ရှိတယ်၊ ကားစျေးကွက်ကတော့ အမြဲတမ်း ကောင်းနေတာတော့ မဟုတ်ဘူး၊ တစ်လလောက်အေးပြီး နှစ်လလောက်ပြန်ကောင်းလိုက်ဖြစ်နေတယ်၊ နောက်တစ်ခုက ပြည်တွင်းမှာ CKD ၊ SKD စနစ်နဲ့ထုတ်တဲ့ Suzuki Ciaz ၊ Suzuki Ertiga နဲ့ Nissan Sunny ကားတွေကို အရစ်ကျရောင်း ပေးတဲ့အတွက်လည်း Brand New ဘက်ကို အာရုံရောက်သွားတာလည်း ပါတယ်၊ အရင်တုန်းကဆိုရင် တစ်ပတ်ရစ် ညာမောင်းကားစျေးကွက်ရဲ့ ဝယ်လိုအားက ၉ဝ ရာခိုင်နှုန်းလောက်ရှိတယ်၊ Brand New တွေရဲ့စျေး ကွက်ဝယ်လိုအားက ၁ဝ ရာခိုင်နှုန်းလောက်ပဲရှိတယ်၊ အခုအချိန်မှာတော့ Brand New ကားတွေရဲ့ဝယ်လိုအားက အရင်ထက်ပိုအားကောင်းလာတာ တွေ့ရတယ်၊ ဒါကြောင့် CKD ၊ SKD ကားတွေကို လိုအပ်တဲ့ Demand အတိုင်း ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ကားစျေးက အတိုင်းအတာတစ်ခုမှာ တည်ငြိမ်သွားမှာပါ”ဟု ‘ Bagan Automotive Car Sales Center ‘မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here