ရန်ကုန်လိုင်စင် အငှားယာဉ်စာရင်းများ ကွဲလွဲနေ၍ City Taxi မှတ်ပုံတင် ပြုလုပ်ထားခြင်းမရှိသော တက္ကစီများအား အရေးယူရန် ကြန့်ကြာနေခြင်းဖြစ်

538

ရန်ကုန်၊ မေ

ရန်ကုန်လိုင်စင်ကားများ စာရင်းကွဲလွဲနေသည့်အတွက် City Taxi  မှတ်ပုံတင်ပြုလုပ်ထားခြင်းမရှိသော တက္ကစီများကို အရေးယူရန် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YRTA တွင် City Taxi မှတ်ပုံတင်ထားသည့် ရန်ကုန်လိုင်စင် အငှားယာဉ်စာရင်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အငှားယာဉ်စာရင်းမှာ ကွဲလွဲမှုများ ရှိနေသည့်အတွက် ပြန်လည်စိစစ်နေရသည်။ အငှားယာဉ်စာရင်း အတိအကျစိစစ်မှု ပြီးစီးမှသာ City Taxi  မှတ်ပုံတင်ပြုလုပ်မထားသောတက္ကစီများကို အရေးယူမှုစတင်မည် ဖြစ်ကြောင်း သိရသည်။

”လက်ရှိအချိန်မှာ ရန်ကုန်လိုင်စင် အငှားယာဉ်တွေရဲ့ စာရင်း အတည်အကျရဖို့ စိစစ်နေပါတယ်၊ YRTA မှာရှိတဲ့ City Taxi မှတ်ပုံတင်ပြုလုပ်ထားတဲ့ အငှားယာဉ်စာရင်းနဲ့ ကညနမှာ မှတ်ပုံတင်ထားတဲ့ အငှားယာဉ်စာရင်းက ကွဲလွဲနေပါတယ်၊ စာရင်းအတိအကျရတာနဲ့ City Taxi မှတ်ပုံတင် မပြုလုပ်ထားတဲ့ အငှားယာဉ်တွေကို အရေးယူမှု စတင်မှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ City Taxi မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်လိုင်စင် အငှားယာဉ်စာရင်းကို ဇွန်လတွင် အတည်ပြုထုတ်ပြန်မည်ဖြစ်ပြီး City Taxi မှတ်ပုံတင် မပြုလုပ်ထားသော ရန်ကုန်လိုင်စင် အငှားယာဉ်များကို ဆက်လက်အရေးယူမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

YRTA ၏ စာရင်းများအရ  ရန်ကုန်လိုင်စင် အငှားယာဉ် အစီး ခုနစ်သောင်းဝန်းကျင်ရှိပြီး City Taxi မှတ်ပုံတင်ပြုလုပ်ထားသည့် အစီးရေမှာ ငါးသောင်းကျော်သာရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here