ရန်ကုန်လိုင်စင် ရရှိရန် Brand New ကားသစ်များကို Used Car များအတိုင်း စလစ်ကပ်ပြီး ဝယ်ယူ နေရသည့်အပေါ် ပြည်ပရင်းနှီး မြုပ်နှံသူများက ဝေဖန်မှုများ ရှိလာကြောင်း သိရသည်။
Brand New ကားများကို အခွန်စည်းကြပ်ရာတွင်လည်း မူရင်းတန်ဖိုးအပေါ်အခြေခံပြီးအခွန်စည်းကြပ်နေသဖြင့် ပြည်ပမှ တင်သွင်းသော တစ်ပတ်ရစ်ကားဟောင်းများထက် ပေးဆောင်ရသည့် အခွန်ပိုများနေကြောင်းလည်း သိရသည်။ ထိုသို့ လွဲမှားသည့်ကား မူဝါဒများကြောင့် Brand New ကားများကို ကိုယ်စားလှယ်ယူပြီး တရားဝင် အရောင်းပြခန်း ဖွင့်လှစ်ရောင်းချနေသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ကားထုတ်လုပ်သူများကြားတွင် အထင်လွဲမှားမှုများ ရှိနေကြောင်း သိရသည်။
”ရန်ကုန်မြို့မှာ တရားဝင် အရောင်းပြခန်း ဖွင့်လှစ်ခွင့်ပေးထားသလို ရောင်းချခွင့်လည်း ပေးထားပေမဲ့ Brand New ကားတွေကို ရန်ကုန်လိုင်စင်ရဖို့အတွက် ကားဟောင်းတွေအတိုင်း ဘာကြောင့် စလစ်ကပ်ရတာလဲဆိုပြီး ပြည်ပလုပ်ငန်းရှင်တွေက မေးခွန်းထုတ် လာတယ်၊ မြန်မာနိုင်ငံကလွဲပြီး ဘယ်နိုင်ငံမှာမှမရှိတဲ့ ကားမူဝါဒ တွေကြောင့် ပြည်တွင်းလုပ်ငန်းရှင်နဲ့ ပြည်ပလုပ်ငန်းရှင်တွေ ကြားမှာ အထင်လွဲမှားမှုတွေ ရှိလာတယ်၊ ဒီနိုင်ငံရဲ့ ကားမူဝါဒကြောင့် ရှေ့ဆက်ပြီး လက်တွဲလုပ်ချင်တဲ့ လုပ်ငန်းတွေအတွက် ချပြတဲ့အခါမှာ သူတို့ဘက်က ရင်းနှီးဖို့ စိတ်အားထက်သန်မှုနည်းသွားပါတယ်” ဟု ‘ Prestige Automobile ကုမ္ပဏီ လီမိတက်’ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ဆိုသည်။
ထို့ပြင် Brand New ကားများကို အခွန်အဆင့်ဆင့်စည်းကြပ် ရာတွင်လည်း one-stop Service မရှိ၍ ဝယ်ယူသူထံ ကားအပ်နှံမည့် အချိန်လည်း နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆန်းသစ်အောင်