ရန်ကုန်၊ မေ
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် ပေါ်လစီကို စောင့်ဆိုင်းနေသလို အရောင်းအဝယ်များ အေးစက်နေသည့်အတွက်လည်း ကနဦးမှတ်ပုံတင်ပြုလုပ်သည့်အစီးရေ လျော့နည်းသွားကြောင်း ကညန ကနဦးမှတ်ပုံတင်ဌာန၏ စာရင်းများအရ သိရသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်(YVQC) စနစ်ကို လာမည့် ဇွန်လအတွင်း စတင်အကောင်အထည်ဖော်မည်ဟု သတင်းများထွက်ပေါ်လျက်ရာ Showroom များမှ တင်သွင်းထားသော Brand New ကားများနှင့် အရောင်းစင်တာများမှ တင်သွင်းထားသော Consignment ကားများကို ဝယ်ယူမည့်သူများက အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် စျေးကွက်အေးစက်နေသည်။ ထို့ပြင် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း သကြင်္န်ကာလ အစိုးရရုံးပိတ်ရက်များရှိသဖြင့် ကနဦးမှတ်ပုံတင် ပြုလုပ်သည့် အစီးရေ မှာ နှစ်ထောင်ကျော်သာ ရှိခဲ့သည်။
ယခုနှစ်အတွင်း ကနဦးမှတ်ပုံတင်ပြုလုပ်ရာတွင် ဇန်နဝါရီလ၌ ၄,၄၂၅ စီး၊ ဖေဖော်ဝါရီလ၌ ၃,၇၉၃ စီး၊ မတ်လ၌ ၃,ဝ၆၃ စီးနှင့် ဧပြီလ၌ ၂,၆၈၅ စီးရှိခဲ့သည်။ ပြင်တွင်းထုတ် CKD ၊ SKD ကား များကို ကနဦး မှတ်ပုံတင် ပြုလုပ်ပေးရာတွင် Suzuki Myanmar Motor မှ ထုတ်လုပ်သည့် လူစီးကားများဖြစ်သော Suzuki Ertiga ၂,၄၆၄ စီးနှင့် Suzuki Ciaz အစီးရေ ၁,၆၆ဝ လည်း ကနဦး မှတ်ပုံတင် ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ပမှ တင်သွင်းသည့်ကားများနှင့် ပြည်တွင်းထုတ်ကားများကို ကနဦးမှတ်ပုံတင် ပြုလုပ်ပေးရာ၌ မေလဆန်း တွင် 6P/9600 နှင့် HH/3745 အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထောက်ကြန့်ကညန၊ ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။
ရဲထွန်းကျော်