ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်မူဝါဒများကို စောင့်ဆိုင်းရင်းဖြင့် လှုပ်ခတ်မှုမရှိသေးသည့် ရန်ကုန်ကားစျေးကွက်

1042

၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်နှစ်အတွက် ပြဌာန်းထားသည့် ပြည်ထောင်စု အခွန်ကောက်ဥပဒေသစ်အရ ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီကြား ကားများကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့ချပေးရုံမှလွဲပြီး ကြီးကြီးမားမား ပြောင်းလဲမှုမရှိသလို ရန်ကုန်လိုင်စင်ပြန်ချပေးမည့် မူဝါဒထွက်ပေါ်လာရန်လည်း ကြန့်ကြာနေဦးမည်ဖြစ်၍ ကားစျေးကွက်ကသကြင်္န်အပြီးထိ အေးစက်နေဦးမည် ဖြစ်သည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့် မူဝါဒ ဖော်ဆောင်ရန်အတွက်လည်း ဆွေးနွေးနေဆဲဖြစ်ပြီး ထုတ်ပြန်ရန် ကြာမြင့်ဦးမည်ဖြစ်ရာ ကားစျေးကွက်အခြေအနေက ဆက်ပြီးအေးစက်နေဦးမည်ဖြစ်သည်။ အခွန်ကောက်ဥပဒေသည်လည်း ထူးခြားစွာပြောင်းလဲမှုမရှိသည့်အတွက် ကားစျေးများမှာ မြင့်တက်နိုင်ဖွယ်မရှိသလို ကျဆင်းရန်လည်း အခြေအနေနည်းပါးကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

”မူဝါဒအပြောင်းအလဲတွေနဲ့ သကြင်္န်နားနီးလာတဲ့အတွက်  အရောင်းအဝယ်တွေ အေးပါတယ်၊ ဧပြီ ၁ ရက်မှာ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ပြန်ချပေးမယ်လို့ ထင်ထားပေမဲ့ ဆွေးနွေးမှုတွေ မပြီးပြတ်သေးလို့ ထုတ်ပြန်တာနောက်ကျတယ်လို့ ထင်တယ်၊ အခွန်နှုန်းထားတွေ လျော့ဖို့အတွက် ပြည်ထောင်စုငွေစာရင်းရဲ့ ဘယ်ခေါင်းစဉ်အောက်မှာ ထည့်သွင်းရေးဆွဲရမလဲဆိုပြီး ဆွေးနွေးနေတယ်လို့သိရတယ်၊ ကားစျေးကွက် အေးနေတယ်ဆိုတာကလည်း မူဝါဒအပြောင်းအလဲနဲ့လည်း သက်ဆိုင်ပါတယ်၊ ကားစျေးကွက်က စျေးကွက်ဝယ်လိုအားများရင် စျေးတက်ပြီး အရောင်းအဝယ်အေးရင် စျေးကတန့်သွားတယ်၊ အခုအချိန်မှာတော့ ဝယ်လိုအားကနည်းနေတယ်၊ ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီကားတွေနဲ့ ၆၆ဝ စီစီ ကားတွေ အရောင်းအဝယ်ဖြစ်သလို စလစ်ကပ်ကားတွေလည်း အရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်ပါတယ်၊ လက်ရှိအနေအထားအရ ကားစျေးက ပြန်ကျဖို့တော့မရှိဘူး၊ တဖြည်းဖြည်းနဲ့ စျေးတန်းတစ်ခုမှာ ငြိမ်ပြီး အရောင်းအဝယ်ပြန်ကောင်းလာဖို့ရှိတယ်၊ စျေးတက်ရင်လည်း အနည်းကျဉ်းလောက်ပဲ တက်ဖို့ရှိပါတယ်”ဟု Bagan Automotive ကားအရောင်းစင်တာမှ မန်နေးဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

Brand New ကားများနှင့် အမြင့်ကားများ၏ စျေးကွက်အခြေအနေသည်လည်း ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးမည့်ကိစ္စနှင့်သက်ဆိုင်နေရာ စျေးကွက်အခြေအနေကအေးစက်နေဦးမည်ဖြစ်သည်။ YVQC စနစ်ကို ဖော်ဆောင်ရန်အတွက် ဆွေးနွေးနေဆဲသာဖြစ်ရာ မူဝါဒများထွက်ပေါ်လာရန် အနည်းဆုံး သုံးလ၊ လေးလကြာမြင့်ဦးမည် ဖြစ်သည်။ ထူးခြားစွာ ပြောင်းလဲမှုမရှိသည့် အခွန်အကောက်ဥပဒေကြောင့် ကားစျေးများက မြင့်တက်နိုင်ဖွယ်မရှိသလို ကျဆင်းရန်အကြောင်းလည်း မရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

”YVQC စနစ်နဲ့အခွန်အပြောင်းအလဲကို စောင့်ကြည့်နေကြလို့ အရောင်းအဝယ်အေးနေတယ်၊ ရန်ကုန်လိုင်စင်ကိုလည်း  နှုန်းထားတစ်ခုနဲ့ ထုတ်ပေးမယ်ဆိုတဲ့အတွက် ကားဝယ်မယ့်သူတွေကမဝယ်ကြတော့ပဲ စောင့်ကြည့်နေကြတယ်၊အမြင့်ကားတွေရဲ့စျေးကွက်ကအေးသွားပြီးသိန်းနှစ်ရာအောက်ကားတွေလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်၊အဝယ်တွေအနေနဲ့ ရန်ကုန်လိုင်စင်ထုတ်ပေးရင်ကားစျေးတွေကျသွားမယ်လို့ ထင်ပြီး မဝယ်ကြတာလည်းပါတယ်၊ သိန်း ၂ဝဝ အောက်ကားတွေကတော့ အပြောင်းအလဲသိပ်မရှိတဲ့အတွက် ဝယ်ကြပါတယ်။ အမြင့်ကားတွေကတော့ မဖြစ်မနေ လိုအပ်တဲ့သူလောက်ပဲ ဝယ်ကြတာများတယ်၊ကားစျေးကွက်က ဧပြီလနောက်ပိုင်းကျမှပဲစျေးကွက်ငြိမ်ပြီး အရောင်းအဝယ်ပြန်ကောင်းလာဖို့ရှိပါ တယ်”ဟု United Eleven Co.,ltd မှမန်နေးဂျင်းဒါရိုက်တာ ကိုအောင်သူ ကဆိုသည်။

ကားဝယ်ရောင်းများနှင့်ဝယ်လက်အများစုမှာ YVQC စနစ်နှင့် ဝင်ငွေခွန်အပြောင်းအလဲအပေါ်အာရုံစိုက်နေကြသည့်အတွက် ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသားကားများနှင့် ၆၆ဝ စီစီ  Pick Up ကားလေးများသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။ ယခင်နှစ်များက သကြင်္န်ကာလမတိုင်ခင် အရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်များပေးမည်ဆိုပါက စျေးကွက်ကို ကြီးမားစွာ လှုပ်ခတ်သွားမည်ဖြစ်သောကြောင့် ကားဝယ်ယူမည့်သူများက အခြေအနေကို စောင့်ကြည့်နေကြသဖြင့် လက်ရှိစျေးကွက်အခြေအနေမှာ အေးစက်နေပြီး ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လရောက်မှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ဝယ်ရောင်းများကခန့်မှန်းထားကြသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here