ရန်ကုန်လိုင်စင်ကားများကို ဘီးခွန်အသစ် ပြောင်းလဲကောက်ခံမည်ဆိုသည့် သတင်းများကြောင့် နှစ်လဲသက်တမ်းတိုးပြုလုပ်သည့် အစီးရေ များပြား

1053

ရန်ကုန်၊ မတ်

ရန်ကုန်လိုင်စင်ကားများကို ဘီးခွန်အသစ် ပြောင်းလဲကောက်ခံမည် ဆိုသည့်သတင်းများကြောင့် ယခုရက်ပိုင်းအတွင်း သုံးလကြိုပြီး နှစ်လဲသက်တမ်းတိုး ပြုလုပ်သည့် အစီးရေများပြားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဧပြီ ၁ ရက်မှစ၍ ရန်ကုန်လိုင်စင်ကားများကို ဘီးခွန်နှုန်းထားအသစ် ပြောင်းလဲကောက်ခံရန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တင်ပြထားသော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။

”ဘီးခွန်နှုန်းထားတွေ အသစ် ပြောင်းလဲကောက်ခံဖို့အတွက် တိုင်းဒေသကြီး အစိုးရကို တင်ပြထားဆဲ ဖြစ်ပါတယ်၊ အရင် သတ်မှတ်ထားတဲ့ ဘီးခွန်နှုန်းထားတွေက တစ်နှစ်စာ ပြန်တွက်ကြည့်ရင် နည်းနေတာ တွေ့ရတဲ့အတွက် နှုန်းထားအသစ်နဲ့ ပြောင်းလဲကောက်ခံဖို့ စီစဉ်တာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြောင်းလဲကောက်ခံရန် စီစဉ်နေသည့် ဘီးခွန်နူန်းထားများမှာ အင်ဂျင်ပါဝါ ၆၆ဝ စီစီအောက် ကားများကို တစ်ရက် ကျပ်တစ်ရာနှုန်းဖြင့် တစ်နှစ်စာ ကျပ် ၃၆,၅ဝဝ၊ ၆၆ဝ စီစီမှ ၁၃ဝဝ စီစီ အထိကို တစ်ရက် ကျပ် ၁၅ဝ နှုန်းထားဖြင့် တစ်နှစ်စာ ကျပ် ၅၄,၇၅ဝ၊ ၁၃ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို တစ်ရက် ကျပ်နှစ်ရာနှုန်းဖြင့် တစ်နှစ်စာ ကျပ် ၇၃,ဝဝဝ၊ ၂ဝဝ၁ စီစီမှ ၄၃ဝဝ စီစီ အထိကို တစ်ရက် ကျပ် ၂၅ဝ နှုန်း ဖြင့် တစ်နှစ်စာ ကျပ် ၉၁,၂၅ဝ နှင့် အင်ဂျင်ပါဝါ ၄၃ဝဝ စီစီအထက်ကို တစ်ရက် ကျပ်သုံးရာနှုန်းဖြင့် တစ်နှစ်စာ ကျပ် ၁ဝ၉,၅ဝဝ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဘီးခွန်များ တိုးမြှင့်ကောက်ခံရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ အတည်ပြုချက်ရယူပြီးမှသာ တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လင်းရံ

LEAVE A REPLY

Please enter your comment!
Please enter your name here