ရန်ကုန်၊ ဇန်နဝါရီ
ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန်အတွက် ရန်ကုန်မြို့တွင်းရှိ အဝိုင်းသုံးခုကို ယာဉ်သွားလာမှု အနည်းအများအပေါ် မူတည်ပြီး မီးပွိုင့်စနစ်ဖြင့် ပြန်လည်ထိန်းချုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ဟံသာဝတီအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းအဝိုင်းများတွင် သွားလာနေသည့် ယာဉ်များအပေါ် မူတည်၍ မီးပွိုင့် စနစ်ဖြင့် ထိန်းချုပ်ခြင်းကို ယခုလအတွင်း စတင်မည်ဖြစ်ကြောင်း သိရသည်။
”အဝိုင်းသုံးခုမှာ မီးပွိုင့်စနစ်နဲ့ ပြန်ထိန်းချုပ်မှာပါ၊ အဝိုင်းမီးပွိုင့် စနစ်က မီးဝါနေရင် ရပ်နေရမှာ မဟုတ်ဘူး၊ သတိနဲ့ ဖြည်းဖြည်းချင်း မောင်းရမှာဖြစ်ပါတယ်၊ အဝိုင်းပတ် မီးပွိုင့်စနစ်ကို ယာဉ်မောင်းတွေသိပြီး စနစ်တကျ မောင်းနှင်တတ်အောင် ပညာပေးတဲ့အနေနဲ့ ဒီလကစပြီး အဝိုင်းတွေမှာ မီးပွိုင့်စနစ် အသုံးပြုမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးပွိုင့်စနစ် ပြန်လည်အသုံးပြုရာတွင် ယာဉ်သွားလာမှုများချိန်၌ မီးပွိုင့်များဖြင့် ထိန်းချုပ်မည်ဖြစ်ပြီး ယာဉ်သွားလာမှုနည်းသည့် အချိန်တွင် မီးပွိုင့်များကို ပိတ်ထားသည့် စနစ်ဖြင့် ဖြတ်သန်းသွားလာမှုအပေါ် မူတည်၍ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုလမှစတင်ကာ အဝိုင်းမီးပွိုင့်ကို ပြန်လည်ကျင့်သုံးမည်ဖြစ်ပြီး Control Center ဖြင့် မီးပွိုင့်များ ထိန်းချုပ်ရာတွင် အဆင်သင့်ဖြစ်စေရန်အတွက် စမ်းသပ်ကာလမှစတင်၍ အဝိုင်းမီးပွိုင့်စနစ်ကို တောက်လျှောက် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အဝိုင်းမီးပွိုင့်စနစ်ကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်ဆင်အသုံးပြုခဲ့သော်လည်း အဆင်ပြေမှု မရှိသည့်အတွက် ရပ်ဆိုင်းထားခဲ့ ခြင်းဖြစ်ပြီး ယခုအခါ ယာဉ်သွားလာမှုအပေါ် မူတည်၍ မီးပွိုင့်ဖြင့် ထိန်းချုပ်သည့်စနစ်ကို ပြန်လည် အသုံးပြုမည် ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် အဆင့်မြင့်မီးပွိုင့်စနစ် တပ်ဆင်မှုမှာ ပြီးစီးနေပြီဖြစ်သော်လည်း မီးပွိုင့်တစ်ခုချင်းစီအလိုက် ဖြတ်သန်းချိန် သတ်မှတ်နိုင်ရန်အတွက် ယာဉ်သွားလာမှုများကို စစ်တမ်းကောက်ယူနေကြောင်း သိရသည်။
ကြည်ပြာ