ရန်ကုန်တိုင်းပြင်ပ သွားလာခွင့်မရှိဆိုသည့် ဒေသန္တရအမိန့်အရ အဝေးပြေးယာဉ်များ အဝင်/ အထွက် ပြုလုပ်ခွင့်မရှိဟု YRTA တာဝန်ရှိသူ ပြောကြား

223

 

ရန်ကုန်၊ စက်တင်ဘာ ၁၁

စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် ရန်ကုန်အတွင်း နေထိုင်သူများ ကျန်းမာရေးကိစ္စနှင့် အရေးကြီးကိစ္စရပ်များမှအပ ရန်ကုန်တိုင်းဒေသကြီး ပြင်ပသို့ စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ခရီးသွားရောက်ခြင်း မပြုရ ဆိုသည့် ဒေသန္တရအမိန့်အရ အဝေးပြေးယာဉ်များ အဝင်/အထွက်ပြုလုပ်ခွင့် မရှိကြောင်း YRTA မှ သိရသည်။

ထုတ်ပြန်ခဲ့သည့် ဒေသန္တရအမိန့်အရ အမိန့်စာတွင် ပါရှိသည့် ၂၁ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးသွားလာရေး လုပ်ငန်းများ ရပ်နားရမည်ဖြစ်ပြီး ယင်းအမိန့်စာတွင်ပါရှိပြီးဖြစ်သည့်အတွက် အဝေးပြေးယာဉ်လိုင်းများအတွက် သီးခြားအမိန့်ထုတ်ပြန်မည် မဟုတ်ကြောင်းလည်း သိရသည်။

” ရန်ကုန်တိုင်းဒေသကြီး ပြင်ပကို သွားလာခွင့်မရှိဘူးဆိုတာကို တိုင်းဒေသကြီးအစိုးရက ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပါတယ်၊ ပြောချင်တာက အဝေးပြေးသွားလာရေး လုပ်ငန်းတွေ ရပ်ရမယ့်သဘောပါ၊ ရန်ကုန်ကို ဝင်တာ/ထွက်တာတွေ ရပ်ရမယ့်သဘောပါ၊ အမိန့်အရ သွားလာခွင့်မရှိဘူး၊ သွားလို့မရဘူးဆိုတာ ပိတ်တဲ့သဘောပါ၊ တိုင်းဒေသကြီးကနေ ထွက်ခွင့်မရှိဘူးလို့ ပြောထားတဲ့အတွက် အဲ့ဒီအမိန့်အရ အဝင်/အထွက် မရှိဘူးဆိုတဲ့သဘောပါ “ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ် အပါအဝင် မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရေးကြီးကိစ္စရပ်များမှအပ ရန်ကုန်တိုင်းဒေသကြီး ပြင်ပသို့ စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ခရီးသွားလာခြင်း မပြုရန်အတွက် စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်အပါအဝင် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ထုတ်ပြန်ချက်များကို မလိုက်နာပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမူ ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

ဓါတ်ပုံ- ဆန်း​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here