ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တက်ရောက်မည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကိုယ်ပိုင်ယာဉ်များ၏ ယာဉ်ပေါ်ပါရှိသူများ Covid-19 ပိုးမရှိမှသာ ဆက်လက် သွားလာခွင့်ပြုမည်

261

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တက်ရောက်မည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီး ကိုယ်ပိုင်ယာဉ်များအားလုံး၏ ယာဉ်ပေါ်ပါရှိသူအားလုံး Covid-19 ပိုးရှိမရှိ အောက်တိုဘာ ၁၃ ရက်မှ စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ခံစာရရှိသူများကိုသာ ဆက်လက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“Covid-19 ပိုးမရှိကြောင်း (Negative) ထောက်ခံစာပါခဲ့တယ်ဆိုရင်တော့ တစ်ခါတည်း သွားခွင့်ပေးမယ်၊ ထောက်ခံစာမပါဘူးဆိုရင်တော့ ပိုးရှိမရှိ စစ်ဆေးပြီး Negative ပြမှ ဆက်သွားခွင့်ပေးမှာပါ” ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါစစ်ဆေးမှုကို အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၀/၅)နှင့် (၀/၆) အကြား ရန်ကုန်-မန္တလေးသွားလမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် အောက်တိုဘာ ၁၃ ရက်မှ စတင်ပြုလုပ်သွားမည်ဖြစ်ကာ ထောက်ခံစာမပါရှိသူများအား ကျန်းမာရေး၀န်ထမ်းများမှ စစ်ဆေးပေးပြီး ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိမှသာ ထောက်ခံချက်ပေး၍ ဆက်လက်သွားလာစေမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်သို့ ယခင်က တက်ရောက်မောင်းနှင်ခွင့်မပေးထားသော ကုန်တင်ယာဉ်များအားလုံးကိုလည်း Covid-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့၀င်မြို့ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အောက်တိုဘာ ၅ ရက်မှစ၍ သတ်မှတ်ဖြတ်သန်းခ ပေးဆောင်စေကာ စတင်ဖြတ်သန်းခွင့်ပေးခဲ့သည်။ ထိုသို့ ဖြတ်သန်းရာတွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ကိုယ်ပိုင်ယာဉ်ငယ်များ ၁၀၀ ကီလိုမီတာ၊ ခရီးသည်တင်ဘတ်စ်ကားများ ၈၀ ကီလိုမီတာ၊ Light Truck ယာဉ်များ ၆၀ ကီလိုမီတာ၊ ကုန်တင်ယာဉ်များ ၆၀ ကီလိုမီတာထက် ပိုမိုမောင်းနှင်ခွင့်မပြုကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

အမြန်လမ်းပေါ်သွားလာမည့် ကုန်တင်ယာဉ်များအားလုံး လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရမည်ဖြစ်ကာ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခွင့်မပြုဘဲ Rest Camp များတွင်သာ ရပ်နားစေမည် ဖြစ်​ကြောင်း၊ လမ်းဘေးတွင် ကြုံသလိုရပ်နား၍ ကျူးကျော်ဆိုင်များ၌ စားသောက်ခြင်း ခွင့်မပြုဘဲ အကယ်၍ စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်းနှင့် သတ်မှတ်တန်ချိန်ထက်ပို၍ တင်ဆောင်လာပါကလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here