ရန်ကုန်၊ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သက်တမ်းနှစ် နှစ်ဆယ်နှင့်အထက် ကားများကို နှစ်လဲ မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အသုံးပြုခွင့် လက်မှတ်ထုတ်ပေးမှု ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
YVQC စနစ် ကျင့်သုံးမည်ဆိုပါက အရည်ကျိုအပ်ကားစာရင်းဝင်နေသည့် ထုတ်လုပ်သက်တမ်းနှစ် နှစ်ဆယ်နှင့်အထက် ကားများကို နှစ်လဲမှတ်ပုံတင်ကြေး ထပ်ဆောင်း တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။
”သက်တမ်းနှစ် နှစ်ဆယ်ပြည့်ကားတွေကို မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပါတယ်၊ တကယ်တမ်း တိုးကောက်မယ်ဆိုရင် ဝန်ကြီးဌာနကနေတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်ရယူရ မှာ ဖြစ်ပါတယ်၊ သက်တမ်းနှစ် နှစ်ဆယ်ကျော် ကားတွေကို အခွန် တိုးမြှင့်ကောက်ခံဖို့ကိစ္စက တစ်နိုင်ငံလုံးနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရရှိမှသာ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ñွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်လုပ်သက်တမ်းနှစ် နှစ်ဆယ်နှင့်အထက် ကားစာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပေးပို့ထားရာတွင် လူစီးယာဉ် အစီးရေ ၂၃,၂၄ဝ နှင့် တက္ကစီ ၂,၆၇၆ စီး ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကလည်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် သက်တမ်း နှစ် နှစ်ဆယ်နှင့်အထက် YBS ဘတ်စ်များကို အချိန်ကာလတစ်ခု နောက်ဆုံးထားသတ်မှတ်ပြီး အပ်နှံရမည်ဖြစ်ကြောင်းလည်းညွှန်ကြားထားကြောင်း သိရသည်။
ဆန်းသစ်အောင်