ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်လိုင်စင်ကားများကို ထိရောက်သည့်မြို့ဝင်ကြေးဖြင့်  ထိန်းချုပ်သွားမည်

1661

ရန်ကုန်၊ မေ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နယ်လိုင်စင်ကားများကို ထိရောက်သည့် မြို့ဝင်ကြေးဖြင့် ထိန်းချုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို မကြာမီ ခွင့်ပြုပေးတော့မည်ဖြစ်ရာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် နယ်လိုင်စင် အငှားယာဉ်များကို ပြေးဆွဲခွင့်မပြုရန် စီစဉ်နေသလို အခြားနယ်လိုင်စင်ကားများကိုလည်း ထိရောက်သည့်မြို့ဝင်ကြေးဖြင့် ထိန်းချုပ်ရန်စီစဉ်နေကြောင်း သိရသည်။

”YVQC  စနစ်နဲ့ ရန်ကုန်လိုင်စင်ကား ဝယ်ယူခွင့် ပြန်ခွင့်ပြုပေးမယ်ဆိုရင် နယ်လိုင်စင်အငှားယာဉ်တွေ ပြေးဆွဲခွင့်ကို ကန့်သတ်မှာဖြစ်သလို တခြားနယ်လိုင်စင်ကားတွေကိုလည်း ထိရောက်တဲ့ မြို့ဝင်ကြေးနဲ့ ထိန်းချုပ်သွားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ စီစဉ်နေတယ်လို့ သိရပါတယ်၊ ရန်ကုန်လိုင်စင် အို/ဟောင်းယာဉ်တွေကိုတော့ နယ်နှင်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း သိရပါတယ်”ဟု ‘AADA အသင်း’ ဒုတိယဥက္ကြ ဦးအေးထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်ရာတွင် ပထမ စီမံချက်၌ နယ်လိုင်စင်ကားများကို ထိန်းချုပ်မည်ဖြစ်ပြီး ဒုတိယစီမံချက်၌ ထုတ်လုပ်သက်တမ်း နှစ်နှစ်ဆယ်ကျော်သည့် အို/ဟောင်း ယာဉ်များကို နှစ်လဲမှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်ရာတွင် ထပ်ဆောင်းမှတ်ပုံတင်ကြေး ကောက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ယာဉ်အို/ဟောင်းအပ်နှံပြီး ပြည်ပမှ အစားထိုးယာဉ်တင်သွင်းခွင့် စီမံချက်ကို အကောင်အထည်ဖော်ချမှတ်ခဲ့ရာ စတင်တင်သွင်းခွင့်ပြုခဲ့စဉ်က ၁၉၉၅ မိုဒယ်နှင့် ၂ဝဝ၆ မိုဒယ်အတွင်း ထုတ်လုပ်သောကားများကို တင်သွင်းခွင့်ပြုခဲ့သည်။ ယင်းမိုဒယ်အတွင်း ကားများသည် လက်ရှိအချိန်တွင် မှတ်ပုံတင်သက်တမ်း ခုနစ်နှစ်သာရှိသေးသဖြင့် ထုတ်လုပ်သက်တမ်း နှစ်နှစ်ဆယ်ကျော်ကားများကို သက်တမ်းတိုးခွင့်ရပ်ဆိုင်းမည်ဆိုပါက ကားအစီးရေ ၄၉,ဝဝဝ ကျော်မှာ ရန်ကုန်လိုင်စင်ဖျက်သိမ်းရမည် ဖြစ်သည်။ ထုတ်လုပ်သက်တမ်းနှစ်နှစ်ဆယ်ကျော် ရန်ကုန်လိုင်စင်ကားများကို သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ပါက ယာဉ်ပိုင်ရှင်များအတွက် နစ်နာမှုများရှိလာနိုင်သဖြင့် ထပ်ဆောင်းမှတ်ပုံတင်ကြေးကောက်ခံရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here