ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်လိုင်စင်တက္ကစီများ ပြေးဆွဲခွင့်မပြုရန် ဆောင်ရွက်မည်

2315

ရန်ကုန်၊ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်လိုင်စင်တက္ကစီများကို ပြေးဆွဲခွင့်မပြုရန်အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့် ပြေးဆွဲနေသည့် တက္ကစီယာဉ်များကို စနစ်တစ်ခုဖြင့် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေသလို ညအိပ်ရပ်နားသည့် ယာဉ်များ၊ အချိန်ပိုင်းရပ်နားသည့်ယာဉ်များနှင့် နယ်လိုင်စင် လူစီးယာဉ်များကို ထိရောက်သည့်ယာဉ် ရပ်နားခ(ဘီးခွန်)သတ်မှတ်ကောက်ခံရန် ဆောင်ရွက်နေကြောင်း သိရသည်။

”ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နယ်လိုင်စင်နဲ့ အသုံးပြုနေတဲ့ လူစီးကားတွေကို ထိရောက်တဲ့ စနစ်တစ်ခုနဲ့ အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်၊ နယ်လိုင်စင်တက္ကစီတွေကိုလည်း ပြေးဆွဲခွင့် မပေးဖို့အတွက် အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရှိပါတယ်၊ အများပြည်သူ အသုံးပြုတဲ့လမ်းမတွေပေါ်မှာ ညအိပ်ရပ်နားတဲ့ယာဉ်တွေ နဲ့ အချိန်ပိုင်းရပ်နားတဲ့ယာဉ်တွေကို ယာဉ်ရပ်နားခတွေ ကောက်ခံပြီး ရရှိတဲ့အခွန်တွေနဲ့ ယာဉ်ကြောကျပ်တည်းမှု လျော့နည်းအောင် လမ်းတိုးချဲ့တာတွေ၊ ကားပါကင်အသစ်တွေ တည်ဆောက်သွားမှာ ဖြစ်ပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် တင်သွင်းခွင့်လက်မှတ်ထုတ်ပေးရေး ကြီးကြပ်မှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်လိုင်စင်ဖြင့် အသုံးပြုမောင်းနှင်နေသည့် ယာဉ်များကို ထိရောက်သည့် ယာဉ်ရပ်နားခတိုး မြင့်ကောက်ခံ၍ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်လိပ်စာတက္ကစီ ယာဉ်များကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲခွင့်မပြုရန်အတွက် ကန့်သတ်ချက်တစ်ခု ထုတ်ပြန်၍ ထိန်းချုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here