ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝယ်ယူထားသည့် ဘတ်စ်အစီးတစ်ထောင်ထဲမှကျန်ရှိနေသော အစီးနှစ်ရာကျော်ကို ယာဉ်လမ်းကြောင်းအသစ်သုံးခုတွင် ထည့်သွင်းပြေးဆွဲမည်

536

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝယ်ယူထားသည့် အစီးတစ်ထောင်ထဲမှ ကျန်ရှိနေသော ဘတ်စ်အစီးနှစ်ရာကျော်ကို ယာဉ်လိုင်းသုံးလိုင်းတွင် ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရဝယ်ယူထားသည့် ဘတ်စ်အစီး တစ်ထောင်ထဲမှ ယာဉ်မောင်းမရှိ၍ ယာဉ်လိုင်းအတွင်း ပြေးဆွဲရန် ကျန်ရှိနေသည့် ဘတ်စ်အစီး နှစ် ရာကျော်ကို YBS ၄၃ ယာဉ်လိုင်း၊ ၆၂ ယာဉ်လိုင်းနှင့် ၇၂ ယာဉ်လိုင်းတို့တွင် ထည့်သွင်းပြေးဆွဲသွားမည် ဖြစ်သည်။

 

”ဒီယာဉ်လိုင်း သုံးလိုင်းနံပါတ် တွေကတော့ အရင်ကတည်းက ရှိ ပြီးသားဖြစ်ပေမဲ့ ခရီးစဉ်က အခုမှ သတ်မှတ်တာ ဖြစ်ပါတယ်၊ ၆၂ ယာဉ်လိုင်းကိုတော့ ပြေးဆွဲနေပါပြီ၊ ကျန်တဲ့နှစ်လိုင်းကိုလည်း တစ်ပတ်ခြားစီကို တစ်လိုင်းနှုန်းနဲ့ ပြေးဆွဲသွားမှာပါ၊ ကားသစ်တွေနဲ့ ပြေးဆွဲ မှာဖြစ်တဲ့အတွက် ယာဉ်အကူမပါဘဲ ယာဉ်မောင်းသီးသန့်ပြေးဆွဲ မှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 

အဆိုပါယာဉ်လိုင်းသုံးလိုင်း စတင်ပြေးဆွဲရာတွင် တစ်လိုင်းလျှင် ဘတ်စ်အစီးငါးဆယ်ဝန်းကျင်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်စီးနင်းမှုအပေါ်မူတည်၍ လိုအပ်ပါက ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။

 

၄၃ ယာဉ်လိုင်းကို မဂင်္လာဒုံ-ဝါယာလက်မှ ခရေပင်လမ်းခွဲ၊ စော်ဘွားကြီးကုန်း-ရှစ်မိုင်၊ ကမ္ဘာအေး၊ ရန်ကင်းစျေးကွေ့၊ ကျောက်မြောင်း၊ ယုဇနပလာဇာတို့ကိုဖြတ်၍ ဗိုလ်တထောင်သို့ ပြေးဆွဲပေးမည်ဖြစ်သည်။

 

၆၂ ယာဉ်လိုင်းကို ဒဂုံတက္ကသိုလ်မှ အထက်ကြည့်မြင်တိုင် ခရီးစဉ်လမ်းကြောင်းအဖြစ် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်လိုင်းနံပါတ် ၇၂ ကို သာကေတမှ မြို့တွင်းအထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရုတ်နိုင်ငံအစိုးရနှင့် ချိတ်ဆက်၍ ဘတ်စ်အစီး တစ်ထောင်ကို ပြီးခဲ့သည့် ဇွန်လက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here